"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Sunday, March 28, 2010

Jason Mraz _I'm yours



ဒါလေးကတော့ Jason Mraz ရဲ့ I'm yours သီချင်းလေးပါ...သူ့သီချင်းလေးနဲ့ သူ့ဆိုတာကိုကြည့်ပြီး ပျော်ရတယ်။
အားလုံးလည်းကြိုက်လိမ့်မယ်လို့ယုံပါတယ်။သူက ဒီသီချင်းကိုပဲ တစ်ခါနဲ့တစ်ခါ သံစဉ်ကို မတူအောင်ဆိုတတ်လွန်းပါတယ်။သူဆိုတာကိုကြည့်ြ့ပီး စိတ်ချမ်းသာမိတယ်။ဒါကြောင့် ဆားလည်းချက်ရင်း လည်လည်လာသူတွေကိုလည်း စိတ်ပျော်ရွှင်စေချင်လို့ပါ။ကြည့်ပြီးသားဆိုလည်း ရောက်တုန်းလေးပြန်အားပေးသွားပါဦး။ကြိုက်တယ်ဟုတ်။
အားလုံးပျော်ရွှင်ကြပါစေ...စိတ်အရမ်းညစ်နေချိန်မှာ ကျွန်တော့်အတွက်တော့ ဒီသီချင်းလေးနဲ့ စိတ်မှာပျော်မိစေလို့ ဒီပို့စ်လေးတင်ပါတယ်။
(ရနံ့ချို)

Saturday, March 27, 2010

မိုးကာဝါ၀ါလေးနဲ့ ကိုယ်နဲ့

ခုတလော မိုးတွေရွာနေတယ်..ကိုယ်သွားရာလမ်းတစ်လျှောက်မှာလည်း ပန်းဝါ၀ါလေးတွေ ကြွေနေတယ်။ပန်းဝါ၀ါလေးတွေ တစ်ချို့မိုးရေနဲ့မျောနေတယ်... တစ်ချို့ကမိုးနဲ့အတူမျောမသွားချင်ဘူးထင်တယ် တတ်နိုင်သလောက် အားနဲ့ မြေကြီးကို ခြေကုတ်ယူထားတယ်..။အပြောင်းအလဲကို လူတင်မဟုတ်ဘူး အရာတော်တော်များများ ကြောက်ကြတယ်နော်။ပန်းဝါ၀ါလေးတွေကိုကြည့်ရင်း...မိုးကာဝါ၀ါလေးကို သတိရမိတယ်..။မိုးရာသီတွေမှာ ကိုယ်နဲ့အတူရှိနေတတ်တဲ့ အဲ့ဒီမိုးကာဝါ၀ါလေးကို သတိရတယ်။ကိုယ့်ရဲ့လက်တွဲဖော်၊ ရုံးတက်ဖော်လေးပေါ့။တစ်ခါက မိုးတွေထဲမှာ သူ့ကို အကွယ်ယူပြီး စက်ဘီးနင်းရင်း ငိုခဲ့ဖူးတယ်။ရုံးမသွားချင်ဘဲ သွားရတဲ့ အဲ့ဒီမိုးရွာနေတဲ့ နံနက်ခင်းတွေမှာ သူကအားပေးရင်း ကိုယ်နားမှာ ရှိနေခဲ့တယ်။မိုးတွေကြီးတဲ့တစ်နေ့.....အဲ့ဒီတစ်နေ့ ကိုယ် အိမ်ကို အရမ်းလွမ်းနေခဲ့ဖူးတယ်..။အဲ့ဒီနေ့က မိုးတွေကြီးလို့ ဗဟိုလမ်းမှာ ရေတွေကြီးတဲ့တစ်နေ့ပေါ့...ရုံးကအပြန် လူက အူကြောင်ကြောင်ဖြစ်ပြီး အင်းစိန်လမ်းပေါ်က ဖြတ်ပြီးပြန်ဖို့ကို သတိမရမိဘူး။သွားနေကျ ဗဟိုလမ်းကနေပဲ ပြန်မိတယ်။လမ်းအတော်ပေါက်မှ လူကစိတ်နဲ့ပြန်ကပ်တယ်..စက်ဘီးကတော့စီးလို့မရလို့ တွန်းပြီးသွားနေရတယ်။လမ်းအလယ်ကိုရောက်တော့မှ ရှေ့ကို ကြည့်လည်း ရေတွေ၊ နောက်ကိုကြည့်လည်းရေတွေချည်းပဲ (ကမ်းမမြင် လမ်းမမြင် ပေါ့လေ - ကြက်ဖနဲ့ အေသင်ချိုဆွေ ကိုပြောတာမဟုတ်ဘူး)စိတ်ထဲမှာ တော်တော်လေးကို အားငယ်မိတယ်။ဘ၀မှာ တကယ့်တကယ် ရင်ဆိုင်ရရင် ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့ နောက်လည်းပြန်လှည့်ဖို့က မထူးတော့ဘူး။ဘေးဘီကိုကြည့်တော့ လူတစ်စွန်းတစ်စ ကို သူလိုကိုယ်လိုပဲ ကူးနေတာတွေ့ရတယ်။ဘယ်ကိုမှမကြည့်တော့ဘဲ စက်ဘီိးကိုပဲ တွန်းလာခဲ့တယ်။တွန်းသာတွန်းရတယ်။ဘီးရဲ့ လက်ကိုင်ကိုတောင် မမြင်ရတော့ဘူး။မိုးကာလေးကလည်း လုံခြုံမှုကို လုံလောက်စွာမပေးနိုင်တော့ဘူး။ဒီလိုနဲ့ တွန်းရင်းတွန်းရင်း ဒုက္ခဆိုတာရဲ့ တစ်လှည့် လွန်မြောက်ခြင်း
ကို ကိုယ်ရခဲ့တယ်။ဒါပေမယ့် လူက ကြောက်စိတ်နဲ့ တုန်နေတယ်။ရေထဲကနေ ရုန်းလာခဲ့ရလို့ လူကလည်း အားမရှိတော့ပန်းနေပြီ။လွတ်မြောက်ခြင်းကိုရောက်တော့မှ အမြင်အာရုံတွေက၀ါးလာတယ်။နေတဲ့ အဆောင်ဝန်းထဲကို ၀င်၊ အခန်းလေးရှေ့မှာစက်ဘီးကို ရပ်၊မိုးကာဝါလေးကို ရေလျှော်ရင်း ငိုမိတယ်။
အိမ်ကိုလည်းတော်တော်ကို သတိရတယ်။ရေချိုးရင်းလည်း ငိုတယ်။ပြီးအခန်းထဲမှာရှိနေတဲ့ သူငယ်ချင်းက မေးလို့ ပြန်ပြောရင်းငိုတယ်။ပြီးတော့ ကိုယ်အိပ်ပျော်သွားတယ်။အိပ်နေရင်းငိုတယ်။အဲ့ဒီနေ့က ကိုယ် ဘ၀ထဲမှာ တစ်ယောက်တည်းရင်ဆိုင်ရတာ ပထမဆုံးလို့ သတိထားမိရင်း ငိုတယ်။ အိပ်ရာကနိုးတော့ဖျားလိုက်တာ ၃ပတ်တောင်။အဖတ်ဆိုဘာမှမစားရလို့ ဆေးဒဏ်နဲ့ လူကငါးကြည်းကြပ်တိုက်ရုပ်ပေါက်သွားတယ်။
တော်တော်လေးကြောက်သွားတယ်။ဒါပေမယ့် ကိုယ်နဲ့ မိုးကာဝါလေး ရယ် ကိုယ့်စက်ဘီးလေးရယ် အတူကျော်ဖြတ်နိုင်ခဲ့ပါတယ်။ခုတော့ ရဲဘော်တွေ ဖြစ်တဲ့ မိုးကာဝါလေးရယ်၊ စက်ဘီးလေးရယ်ကို သေချာခေါက်ပြီးသိမ်းခဲ့တယ်။
သူတို့နဲ့ ကိုယ်ပြန်လက်တွဲဖြစ်ဦးမှာပါ။ခု...သူတို့ကိုလွမ်းနေတယ်။ဘာဆိုဘာမှ သေချာမပိုင်တဲ့ ဒီလောကကြီးထဲမှာ ကိုယ် အဲ့ဒီမိုးကာဝါ၀ါလေးကိုတော့ တကယ်ပိုင်ချင်ပါသေးတယ်။(ဘာရယ်မဟုတ်ပါဘူး ဒီတစ်ပတ်လုံးမိုးတွေဆက်တိုက်ရွာနေတဲ့ ကိုယ်ရောက်နေတဲ့ ဒီနေရာကနေပြေးထွက်ချင်စိတ်ပေါက်လို့ ။ အိမ်ကိုလည်းသတိရလို့ ဒီပို့စ်လေးတင်ပါတယ်။ ဆားချက်တာဟုတ်ဘူးနော်..)
(ရနံ့ချို)

ငါ့ရဲ့ သက်တန့်လေး


ငါ့ရဲ့သက်တန့်လေး
ဆံနွယ်လေးတွေ ၀ဲနေတော့
ညနေခင်းဟာ လှတာပေါ့....

ငါ့ရဲ့သက်တန့်လေး
အစိမ်းရောင် သန်းနေတော့
ငါ့ရင်ထဲမှာ ပိုးဟပ်တစ်ကောင် ခုန်နေတယ်...

သက်တန့်လေးကို
ကျီစယ်တော့
နင့်အသည်းက မာလိုက်တာဟာ...
(မှတ်မှတ်ရရ ရှိမိတဲ့ ကဗျာတွေထဲက)
(ရနံ့ချို)

ငါ့ ရဲ့စင်္ကြာံဝဠာ...

တိမ်တွေရဲ့ စီးကြောင်းတွေ...
နင်လိုက်ကြည့်လိုက်
တည်ရာမရှိ၊ သတ်မှတ်ချက်မရှိ
လွင့်ပါးနေလိုက်တာ....
လှတဲ့အခါလည်း လှမှာပေါ့..
အကျည်းတန်တဲ့ အခါလည်း ရှိပါရဲ့..
ဒါပေမယ့်...
သူတို့တွေ စင်္ကြာံဝဠာ ထဲက ထွက်ပြေးနိုင်လို့လား
ငါကရော....
စင်္ကြာံဝဠာထဲက မပြေးနိုင်ပါဘူး။

(မှတ်မှတ်ရရ ရှိမိတဲ့ ကဗျာလေးတစ်ပုဒ်)
(ရနံ့ချို)

Thursday, March 25, 2010

နားမလည်ဘဲစားမိတဲ့ ကိုယ်ဟာ စားပြီးနားမလည်တဲ့ လူတွေကြားမှာ အမြဲ ကန့်လန့်နဲ့ ဓားစာခံဖြစ်မြဲ...။မှားနေတယ် အလွဲတွေနဲ့ပဲ ဒီဘ၀နေသားကျရတော့မှာလား။
တစ်ရွာပြောင်းချင်တယ် ဒါပေမယ့် ဒီကျားသေမှာလည်းကြောက်နေတယ်။ဒီကျားပြောင်းမှ တောက မကောင်းမှာလည်းကြောက်တယ်။မကောင်းတဲ့တောသွားမှ သေမှာလည်းကြောက်တယ်။သေချင်လို့တော့ တောပြောင်းမနေတော့ဘူးလေ...။
နားလည်မှုတွေလွဲနေတာလား။

Saturday, March 20, 2010

လွမ်းတယ်....



လွမ်းတယ်...
နင်အနားမှာမရှိတဲ့အခါ နင့်ကို ငါလွမ်းတယ်
လွမ်းတယ်...
နင့်မျက်နှာကိုငေးကြည့်ရင်းပဲ နင့်ကို ငါလွမ်းတယ်
လွမ်းတယ်...
မိုးတွေမရွာရင်
လွမ်းတယ်...
မိုးတွေရွာရင်
လွမ်းတယ်...
နွေအကူးမှာ လေရူးတွေတိုက်တဲ့အခါ
လွမ်းတယ်...
လမ်းတွေမှာ ငါတစ်ယောက်တည်းလျှောက်ရတဲ့အခါ
လွမ်းတယ်...
အိမ်အပြန်လမ်းတွေ ငါတစ်ယောက်တည်းရယ်ပါ...
လွမ်းတယ်...
မဆုံနိုင်မယ့်လမ်းအတွက် ငါကြိုတင်တွေးပြီးလွမ်းတယ်
သံသရာဝဲဂယက်ထဲ
လည်နေသရွေ့ ငါ့အလွမ်းတွေ နင့်အတွက် ကုန်နိုင်ပါဦးမလား
အတူလက်တွဲခွင့်သာ ရှိနေခဲ့ရင်လည်း
နောင်ဘ၀အတွက် ငါကြိုလွမ်းမယ်...
လွမ်းတယ် လွမ်းတယ် လွမ်းတယ်....
(ရနံ့ချို)
(အလွမ်းများမှ လွတ်ငြိမ်းအေးပါရစေ...)

Friday, March 19, 2010

ချစ်ခြင်းများဖြင့်...


တစ်သက်တာအတွက် မျက်နှာဝှက်လို့ ချစ်သက်ဝင်
သံယောဇဉ် အဖြူကြိုးကိုလည်း
မညစ်နွမ်းစေချင်....
ကံကြမ္မာ ဘယ်လိုစေရင်ဖြစ်စေ
အတူ လိုက်ပါဖို့ပြင်...
ရှင်ခန်းပင် သခင် ဖြတ်စေတော့
ပင်ပန်းကာ အပူမျှသူလို့ အစွဲပြု
မသတ်မှတ်ရက်ပါဘူး
သံသရာတစ်ကွေ့ ဖန်လာသရွေ့တော့
ကိုယ်ကျေနပ်စွာ နေတတ်ပါတယ်
ချစ်သူ....တစ်ခုပါပဲ
ကိုယ်သာမရှိခဲ့ရင် ...
ကိုယ့်ချစ်ခြင်းတွေနဲ့ ပျော်အောင်နေတတ်ပါစေ
ချစ်ခြင်းများဖြင့် ....ငြိမ်းအေးပါစေ...။
ချစ်သော.....
(ရနံ့ချို)




Thursday, March 18, 2010

ချစ်သူများနေ့မှာ....

ရန်ကုန်ကိုရောက်သွားတော့ ဖေဖော်ဝါရီ ၁၃ရက်၊ နောက်နေ့ ဖေဖော်ဝါရီ ၁၄ရက် (ချစ်သူများနေ့) မှာ ညီမလေးတွေနဲ့အတူ ရွှေတိဂုံဘုရားသွားဖူးရင်း ဟက်ပီးဝေါ ကို လည်း ၀င်ခဲ့ပါသေးတယ်။ညီမတွေကစားပြီး သရဲရထားစီးတာစောင့်ရင်း အဲ့ဒီရဲ့ဘေးမှာ...ဒါလေးကိုသွားတွေ့ပါတယ်...သဘောကျဖို့ကောင်းလွန်းလို့... ပြန်လည်ဝေမျှလိုက်တယ်နော်..ကျွန်တော်ကိုယ်တိုင်လည်း ကဗျာတစ်ပုဒ်ရေးပြီး ကပ်ခဲ့ပါသေးတယ်...
မဆိုးပါဘူး။စာပေစီစစ်ရေးမရှိတဲ့ ဒီလိုနေရာတွေမှာပဲ ကျွန်တော်ရေးချင်တာတွေ စာရွက်ပေါ်ကနေ လူတွေမြင်ရတော့မယ့် ကဗျာလေးတစ်ပုဒ်ကပ်ခဲ့ပါတယ်။ရင်ထဲမှာလည်း ဘယ်သူမှမကြ
ားအောင် တိုးတိုးလေးညည်းမိပါတယ်....ချစ်တတ်ပါစေ...ချစ်တတ်ပါစေ...ချစ်သူရယ်..... လို့။



(ရနံ့ချို)

Wednesday, March 17, 2010

အညာပြန်အမှတ်တရများ....


မကွေး- မြသလွန် စေတီတော်
စက္ကိန်းတဲဘုရားမှ ဧရာဝတီမြစ်ကို ဒီလိုမြင်ရတယ်။နွေဦးမို့ ရေနည်းနေပြီ....
စက္ကိန်းတဲဘုရား
ထီးလိုမင်းလိုဘုရား
ရွှေစည်းဂုံဘုရား
ဗူးဘုရား
ပုဂံညနေခင်းအလှ
ဓမ္မရာဇကစေတီိတော်
ဗူးဘုရား
အလိုတော်ပြည့်ဘုရား
တန့်ကြည်တောင်ဘုရား
တုရင်တောင်ဘုရား

မနူဟာဘုရား
ကန်တော့ပလ္လင် ဘုရား





ရွှေတိဂုံစေတီတော်

အညာအလှ၊ အညာရှုခင်း ဘယ်အချိန်ကြည့်ကြည့် လွမ်းဖို့ကောင်းတယ်။ပုဂံက ပိုပြီးလွမ်းစရာတွေရှိနေတယ်။သမိုင်းကြောင်းတွေအပြည့်နဲ့ အဲ့ဒီပုဂံမှာ တကယ့်သမိုင်းတွေ၊ ကျွန်တော်တို့ သင်ခဲ့ရတဲ့ သမိုင်းထဲမပါရတဲ့ အဖြစ်တွေ၊ ချစ်ခြင်းတွေ၊သစ္စာတရားတွေ၊ပေးဆပ်သူတို့ရဲ့ ၀ိဥာဉ်တွေ သံသရာတိုင်အောင် ဘယ်သူမှ လစ်လျူပြုနိုင်မှာမဟုတ်ပါဘူး။ဒီပုဂံမြို့ဟောင်းကို ထာဝစဉ် တည်စေချင်မိပါတယ်....



နဂါးပွက်တောင်က ဒီလိုဖြစ်နေပါပြီ...
အဲ့ဒီကဇီးသီးပေါင်းကအတော်စားလို့ကောင်းပါတယ်။ပြီးသခွားမွှေးသီးတွေ၊ ဖရဲသီးတွေ လည်း ၀ယ်ခဲ့ပါတယ်။ဈေးချိုပြီး ၀ယ်လို့ကောင်းပါတယ်...။


အောက်စက်တော်ရာပုံတော်ပါ။ကျွန်တော်တို့ပြန်မယ့်နေ့က တပေါင်းလပြည့်နေ့မို့ အာရုဏ်ဆွမ်းကပ်ခဲ့ပါတယ်။ပြီး မနက်လေးနာရီလောက်မှာ တန်းကိုယ်တော်တွေဆွမ်းခံချိန်မှာ ဆွမ်းထလောင်းခဲ့ပါသေးတယ်။မနက်ဆွမ်းလောင်းဖို့ ပြင်ရင်း ညဘက်မှာ ညီမတစ်တွေ ရယ်စရာတွေပြောဖြစ်ကြပါတယ်။ပျော်စရာပါပဲ.....
မန်းရွှေစက်တော်ရာ ပွဲတော်ချိန် တဲကျောင်းများမြင်ကွင်းပါ။အထက်စက်တော်ရာကနေ ဒီလိုလှမ်းမြင်ရပါတယ်။

တဲကျောင်းများရှိရာနေရာမှ အထက်စက်တော်ရာကို ဒီလို လှမ်းကြည်ညိုနိုင်ပါတယ်။
ဒါကတော့ ကျောက်ပန်းတောင်းအောင်မြေရတနာဆွမ်းစားဆောင်မှ ဘုရားစင်ကို သစ်သီးနဲ့ ပန်းများ သွားကပ်လှူရင်း ပြန်လည်ကြည်ညိုနိုင်ရန်တင်ထားခြင်းပါ။
ဒါကတော့ အာရုဏ်ဆွမ်းကပ်လှူရန်ပြင်ဆင်ထားခြင်းပါ။ကျောက်ပန်းတောင်းသားတွေအကြိုက် မပါမဖြစ် ပွဲတိုင်းကျော် ကြက်သားနဲ့ ပဲ ချက်ထားတဲ့ အညာမုန့်ဟင်းခါးနဲ့ပါ။အဖိုးအဖွားများကို ရည်စူးပြီး ရေစက်ချ အလှူပေးခဲ့ပါတယ်။သံဃာတော်အပါး ရှစ်ဆယ်ကျော် ဆွမ်းကပ်ခဲ့ပါတယ်။အားလုံးကိုအမျှပြန်လည်ပေးဝေပါတယ်။သာဓုခေါ်နိုင်ကြပါစေ...
အညာကပြန်လာတော့ လူက ကျင်လည်နေတဲ့ ဒေသမှာ အသားမကျဘူးဖြစ်နေတယ်။ရာသီမှိုင်းလည်း လွမ်းတယ်၊ ဥတုပူတော့လည်း သတိရပြန်တယ်၊ လေငြိမ်ရင် ငြိမ်သလို အရာတိုင်းက အချိန်ကိုမှန်းဆပြီး ကိုယ့်ဒေသနဲ့ နှိုင်းပြီး သတိရမိတယ်။အခုတလော လေငြိမ်နေတယ်။အသက်ရှုမ၀ဘူး။ ဒီအချိန်ဆို အမေဘာလုပ်နေမလဲ၊ အဖေရောဘယ်လိုနေမလဲ။ ညီမလေးတွေ ဘာလုပ်နေမလဲ။ မောင်လေးရော... နေကောင်းလား တွေးတယ်။စိတ်က အသားမကျဘူး။ အရင်လည်း ခွဲနေကျမို့ ကျွန်တော်ကနေတတ်တယ်ဆိုပြီး စိတ်ကိုတင်းပေမယ့်...မေမေငိုတော့ အရမ်း ကြေကွဲရတယ်။လိုက်ပြီးလည်းမငိုချင်တော့ဘူး ။ အင်း....ပြောရရင်တော့ ပျော်လည်းပျော်ခဲ့ရပါတယ်။လွမ်းလည်းလွမ်းနေရဆဲပါ အိမ်ကို...။အလွမ်းပြေ အညာကပုံလေးတစ်ချို့ကို ပြန်လည်တင်ပြလိုက်ပါတယ်။စာမရေးဖြစ်လို့ လည်လည်လာသူတွေကို အညာပုံလေးတွေနဲ့ ချော့ပါရစေနော်။အားလုံးကို ကျေးဇူးတင်နေပါတယ်။
(ကိုယ်တိုင်ရိုက်လာတဲ့ပုံတွေရယ် ဗူးဘုရားပေါ်မှာ ကလေးတွေဆီက ၀ယ်လာတဲ့ ပုဂံဘုရား ပိုစတာပုံတွေရယ် ပေါင်းပြီး ဒီပို့စ်လေးတင်ဖြစ်ခဲ့ပါတယ်)

ရနံ့ချို....