"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Friday, January 6, 2012

"စွန့်စားမယ် "




စွန့်စားမယ် ( Cobra )


ဝေးနေတဲ့အခါ
မဆွေးချင်ဘူး
တွေးနေချင်တယ်...။

နီးရတဲ့အခါ
ကျောခိုင်းနေလည်း
ရင်ခုန်နေတယ်...။

စည်းခြားနေလို့
ကျော်မရရင်
ခေါင်းငုံ့ပြီးတော့
ဝင်ခဲ့မယ်...။

ချစ်တဲ့..
✎❑уaйaит cно❒ ヅ

Thursday, January 5, 2012

***ချစ်သူနဲ့ ဝေးရတဲ့ ... ကံ***

ငှက်ကလေး နှစ်ကောင်ကို
တစ်ကောင်စီ .. ခွဲခဲ့မိလေသလား။
ငါးကလေး နှစ်ကောင်ကို
တစ်ကောင်စီ .. ထားခဲ့မိလေသလား။
သူတစ်ပါး ချစ်သူကို
ပြစ်မှား ငေးကြည့်...
ကျူးလွန်မိခဲ့လေသလား..။
သူတစ်ပါး ချစ်ခြင်း
ကွေကွင်းစေအောင်
စွမ်းဆောင်မိခဲ့လေသလား..။

ကံ၏ အမှု၊ အစုစု မှ
ချစ်သော သူ့ကို ငြိမ်းစေလိုသည်..။
ကိုယ် တစ်ကိုယ်တည်း
ကံ အမွဲမို့
အံခဲဖြေလျော့... မငိုတော့ဘူး..။

ထို..ထို..ဘဝ
ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...
ကံအမှု... ကြွေး၊ ဤ၀ဋ်ဘေးမှ
ချစ်သူ ကင်းဝေး အေးပါစေ...။ ။
မောင်လှမျိုး (ချင်းချောင်းခြံ)

Tuesday, January 3, 2012

အလွမ်းနဲ့ လမ်းခွဲခြင်း


ဖြစ်ခဲ့သမျှ လှည့်စားမှုသတ်သတ်လောက်ပဲမလား
နှုတ်ဖျားက ပြောပြော
စာနဲ့ပဲ ရေးရေးပါ
ယုံကြည်မှုနဲ့ အိပ်မက်တွေမက်ရတာလောက်
ပျော်စရာကောင်းတာ မရှိဘူး။

ဖယောင်းတိုင်တစ်ခုလို
အလောင်ကျွမ်း ခံနေရင်း
မီးတောက် ကို ချစ်သလို ငါနင့်ကို ချစ်တယ်
ငါ လောင်ကျွမ်းပျော်ကျသွားမှာထက်
ဖျက်ခနဲ့ နင်ပျောက်ကွယ်မှာသာ စိုးတာပါ။

မနာကျင်ရဘူး မပြောပါနဲ့
ဘ၀က ကံဆိုးမသွားလေရာ မိုးလိုက်ပြီးရွာလိုက်တာ
ဟောသည် အမှတ်၂၈ ဆိုတဲ့ လွယ်အိတ်နဲ့အပြည့်
ခံစားချက်တွေ ...ဟော ဟော...ဆိုပြီး ထုတ်ပြလိုက်ချင်တယ်။
ဒါပေမယ့်...
ကလေးဆိုးတစ်ယောက်လိုတော့
ဘကြီးအောင် ညာရက်လေခြင်းဆိုပြီး ငါမဖျားတော့တာ
နင် နားလည်လိုက်ပါလေ
ဒီဇာတ် မနာတာ ပိုမကောင်းဘူးလား။

လိုက်ကာကြီးက ကျသွားပြီ
ကိုကျီးညို ပေါ်လာနိုးနဲ့ ပွဲခင်းထဲ
မျက်ရည်လည်ရွဲနဲ့ စောင့်နေတဲ့ မယ်ထွေးလေးရင်ထဲက
သောကတွေ နားလည်လိုက်သလို ရှိသားပဲ

လမ်းခွဲသွားပုံကတော့
ဗွီလိန်မလိုဘဲ အောင်မြင်စွာ ခမ်းနားတယ်
လမ်းခွဲဖို့ နှုတ်ဆက်နေတာတဲ့
သိမ်းသွားလိုက်ပါဆို ပေမယ့်
တချွင်ချွင်မြည်ပြီး ခုန်ပေါက်ထွက်ကျသွားတာတွေက
ငါ့ ရင်ထဲက အချစ်နဲ့ မျက်ရည်တွေဆိုရင်
အကုန် ကုန်စမ်းကွယ်..
ငါ အသာ ဘေးကနေ ရပ်ကြည့်နေလိုက်တော့မယ်

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Monday, January 2, 2012

မျက်နှာဖုံးစွပ်နဲ့ ချိန်ခွင်လျှာ

လောကမှာ လူတွေအလွယ်တကူ သတ်မှတ်တတ်တဲ့ လူတန်းစား နှစ်ရပ်ရှိတယ်။ ယေဘူယျအနေနဲ့ လူကောင်းနဲ့ လူဆိုးဆိုပြီး နှစ်စားရှိတယ်။ ကျွန်တော်သိသလောက်ကတော့ လူတွေက အထိုက်အလျောက်ဆိုပြီး သင့်တော်သလို အများအတွက်ဖြစ်ဖြစ်။ ကိုယ့်အတွက်ပဲဖြစ်ဖြစ် ဟန်ဆောင်လိုက်ကြရတာတွေရှိတယ်။ ကောင်းတာဖြစ်ချင်ဖြစ်မယ်။ ဆိုးတာဖြစ်ချင်လည်း ဖြစ်မယ်။ မျက်နှာဖုံးလေးတွေတော့ ခနခနလဲတပ်ကြတယ်။ လောကကြီးက လူတွေ သတ်မှတ်ခြင်းခံထားရတဲ့ လူဆိုးဆိုသူတွေက မျက်နှာဖုံးလဲတပ်ခွင့်မရှိဘူး။ သူတို့ လဲတပ်ချင်လို့ရှိရင် နံမည်တူ အဓိပ္ပာယ်တူတဲ့ မျက်နှာဖုံးလေးတွေပဲ တပ်ကြရတယ်။ လူဆိုးဆိုပြီး လူတောထဲတိုးရတဲ့အတွက် သူတို့တွေက ကောက်ကျစ်နိုင်တယ်။ လူကို ဒုက္ခပေးနိုင်တယ်ဆိုပြီး လူတွေက သူတို့နဲ့ကင်းကင်းနေနိုင်ကြတယ်နော်။ ကျွန်တော်သိသလောက်ကတော့ လူကောင်းဆိုပြီး နံမည်ခံထားကြသူတွေ လဲတပ်ကြတဲ့မျက်နှာဖုံးတွေ မှတ်မိဖို့မလွယ်ဘူး။ သူတို့က မျက်နှာဖုံးခနတိုင်းလဲတတ်ကြတယ်။ ကောင်းပေ့ လှပေ့ ဆိုတဲ့ မျက်နှာဖုံးလေးတွေကို စွပ်ပြီး၊ ချိန်ခွင်လျှာနဲ့တူတဲ့ မူရာ မာယာလေးတွေကို သုံးပြီး ပုလဲလည်း ခတတ်တယ်။ (ချစ်မျက်ရည် ပုလဲနု ဥတတ်ကြတယ် :P )သူတို့က ရှက်စရာမလိုဘူးလေ။ မျက်နှာဖုံးတပ်ပြီး ငိုတာပဲ ဘာမှမဖြစ်ဘူး။ :) ပြီးမှ လူတွေနောက်ကျောကို မလိုရင် မလိုသလို။ ခပ်တည်တည်နဲ့ အကြိမ်ကြိမ် နောက်ကျောကို ဓားနဲ့ထိုးသတ်တတ်ကြတယ်။ ပြီးရင် မျက်နှာဖုံးလေး တစ်ခုလဲ ချိန်ခွင်လျှာလေးကို တပ်ပြီး လူကောင်းပြန်လုပ်ကြတယ်။ အဲလိုလူကောင်းဆိုသူတွေ သတ်တဲ့ဓားချက်နဲ့ အကြိမ်ကြိမ်အမှတ်မရှိ သေနေတဲ့သူတွေရှိတယ်။ သူတို့ အမှတ်မရှိတာကို ခင်ဗျားတို့တွေ အပြစ်မပြောကြနဲ့နော်။ သူတို့က မျက်နှာဖုံးလေးတွေကို ကြည့်ပြီးပဲ ဆက်ဆံရေးရှိကြတာကိုးဗျ။ ဒီတော့ မျက်နှာဖုံးစွပ်ပြီး အကြိမ်ကြိမ်လူသတ်တတ်ကြတဲ့ လူတွေရန်က ကင်းဝေးပြီး မိတ်ဆွေစစ် မိတ်ဆွေမှန်၊ ချစ်သူစစ် ချစ်သူမှန်၊ ရန်သူစစ် ရန်သူမှန် ခွဲခြားနားလည်နိုင်စွမ်းရှိကြပြီး သောကကင်း ဝေးကြပါစေနော်။ အားလုံး ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

ပန်းပွင့်လေးတွေကတဆင့် စကားပြောကြည့်မယ်..


၁။ ကံ့ကော်ပန်း - မပြောင်းလဲတဲ့ထာဝရအချစ်ပါ
၂။ ကြာပန်း - မိတ်ဆွေတွေရဲ့ဖြူစင်မှုမျိုးနဲ့ခင်မင်ကြရအောင်
၃။ ခရေပန်း - မေ့မသွားပါနဲ့ကွယ်
၎။ ခတ္တာပန်း - အားငယ်ရတဲ့သူမို့ ညှာတာပါ
၅။ ချယ်ရီပန်း - တနေ့နေ့တော့ဝေးရဦးမယ်
၆။ ခေါင်းလောင်းပန်း - အမြန်ဆုံးနီးခွင့်ရချင်တယ်
၇။ဂန္ဒမာအဖြူ - ငြိမ်းချမ်းပါစေ
၈။ ဂန္ဒမာအ၀ါ - သတိရနေမယ်
၉။ ဂမုန်းပန်း - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေရတဲ့ချစ်သူပါ
၁၀။ စပယ်ပန်း - မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်
၁၁။ ဆပ်သွားဖူးပန်း - သစ္စာမရှိတဲ့သူအတွက်ဝမ်းနည်းရတယ်
၁၂။ ဆောင်တော်ကူးပန်း - မင်းကြောင့်ကိုယ့်မှာရူးရပြီ
၁၃။ ဆယ့်နှစ်ရာသီပန်း - ရိုးသားဖြူစင်ခြင်း
၁၄။ ညမွှေးပန်း - အရာရာဟာမင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
၁၅။ ဒေလီယာပန်း - မကြာခင်မှာဆုံတွေ့ ကြရအောင
၁၆။ ဒေါနပန်း - တို့တွေခွဲခွာကြပါစို့
၁၇။ ဒန်းပန်း - ဘ၀ကိုအရှုံးမပေးနဲ့
၁၈။ နှင်းပန်း - အဆင်မပြေမှုတွေဟာ တခဏပါ
၁၉။ နှင်းဆီပန်း - ကိုယ်တော့မင်းကိုချစ်နေမိပြီ
၂၀။ နေကြာပန်း - မင်းဘ၀ရှေ့ရေးအဆင်ပြေဖို့ ကိုယ်တာဝန်ယူပါတယ်
၂၁။ ပိတောက်ပန်း - မင်းဟာကိုယ့်အတွက်ရှားပါးဆုလာဒ်
၂၂။ ပျားခတ်ပန်း - မင်းဟာဒီပန်းလေးလိုလှပသူတစ်ယောက်
၂၃။ဖယောင်းပန်း - အထီးကျန်ဖြစ်ခြင်း၊ ကြေကွဲအားငယ်ခြင်း
၂၄။ မြတ်လေးပန်း -ဇွဲသတ္တိရှိခြင်း
၂၅။ မိုးမခပန်း - လွမ်းဆွတ်ကြေကွဲရခြင်း
၂၆။ သဇင်ပန်း - ကျေးဇူးပြုပြီး မမုန်းလိုက်ပါနဲ့
၂၇။ သစ်ခွပန်း - ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံခြင်း
၂၈။ သော်ကပန်း - ကိုယ့်ကိုခွင့်လွှတ်ပါ
၂၉။ သံလွင်ပန်း - အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း
၃၀။ ရွက်လှပန်း - နှုတ်ဆက်လိုက်ပါတယ်
၃၁။ ၀ိုင်အိုလက်ပန်း (ခရမ်း) - မျှော်လင့်သလိုဖြစ်လာပါစေ
၃၂။အုန်းပန်း - ကံကောင်းခြင်း

သူငယ်ချင်းတစ်ယောက်ဆီကနေ ရဖူးတဲ့ စာရွက်လေးပေါ်ကနေ ကူးပြီး ပြန်လည်းဝေမျှပေးလိုက်တယ်နော်။ မူရင်းက ဘယ်ကလဲဆိုတာ မှတ်မပေးထားတော့ ကျွန်တော်လည်း မသိဘူးဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ်ပါ...အားလုံးလည်း ပန်းလေးတွေကနေတဆင့် ကိုယ့်ချစ်ရသူ (ချစ်သူ၊ မိတ်ဆွေများ) ဆီသို့ အရောက် ရွှေနားတော်သွင်းနိုင်ကြရင်း ပျော်ရွှင်ကြပါစေလို့...။

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Sunday, January 1, 2012

နှစ်သစ်အကြို အချိုပွဲလေးနဲ့










နှစ်သစ်ကို အိမ်ကလူကြီးတွေက ရှမ်းခေါက်ဆွဲလုပ်ပြီး ကြိုကြတယ်။ ကျွန်တော်ကတော့ အသီးသုပ်လေးပဲ အလွယ်လုပ်လိုက်တော့တယ်။ အချိုပွဲပေါ့။ လုပ်ရတာလည်း လွယ်တယ်။ စားလို့လည်းကောင်းတယ်။ အဲမှာ တွေ့တဲ့အတိုင်းပါပဲ ပါဝင်ပစ္စည်းလေးတွေက။ မခက်ပါဘူး။

ခေါက်ဆွဲ (marconi)၊ မရိုး (mayonnaise)၊ စပျစ်သီးခြောက်၊ ပန်းသီး၊ နို့ဆီ၊ သီးစုံ( အုန်းသီး၊ ထန်းသီးဆံ၊ နာနတ်သီး၊ သင်္ဘောသီး၊ သရက်သီး၊ သခွားမွှေးသီး)၊ အချိုကြိုက်သူက သကြားနည်းနည်းထည့်ပြီး သုတ်စားရုံပါပဲကွယ်။ အရင်ဆုံး မာကိုနီလေးတွေကို ရေနွေးနဲ့ ပျော့လာအောင် ပြုတ်ရပါတယ်။ ပြီး ရေအေးနဲ့သေချာဆေးပြီး ဆန်ကာလေးနဲ့ စစ်ထားပြီးရင်တော့ အကုန်လုံးနဲ့ သင့်တော်သလိုသာ ရောနယ်လိုက်ရုံပါပဲ။ ကျွန်တော်ကတော့ အရမ်းကြိုက်ပါတယ်။ အရမ်းဝမှာစိုးလို့ အမြဲတမ်းလုပ်မစားဖြစ်ပါဘူး။
ရပ်ကွက်ထဲက နှစ်သစ်ကို ကြိုဖို့ပြင်နေကြသူတွေပါ။အမှတ်တရရိုက်ပြီး တင်ထားလိုက်တယ်။ ကျွန်တော်လည်း အော်ခဲ့ပါတယ်။ အသံသေး အသံကြောင်နဲ့ပေါ့။ Happy New Year လို့ မီးရှူးသံတွေ ၊ လူအုပ်ထဲမှာ... နေခဲ့တော့ ၂၀၁၁ ရေ.... ;)


ရှမ်းခေါက်ဆွဲသုတ်နဲ့ အချိုပွဲလေး လည်လည်ရောက်လာသူ အားလုံးလည်း သုံးဆောင်သွားကြပါဦး :)

နှစ်သစ်မှာ စိတ်ကျန်းမာ ကိုယ်ချမ်းသာစွာနဲ့ ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ