"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Wednesday, January 2, 2013

သုံးသပ်မိတယ်


အရွှေ့နဲ့ အပြာင်းအလဲ
လူဖြစ်နေသရွေ့ ကာလပတ်လုံး
ကိုယ်က ရွေ့လိုက်
အခြေအနေတွေက ပြောင်းလိုက်နဲ့
ပြီးတော့လည်း နေသားကျသွားတတ်တာ သိသိနဲ့
အရူးဇယ်ဆက်သလို အမြဲတမ်း
စိတ်တွေက ပွေလီထ

တခါတခါ
အရှေ့နဲ့အနောက်
ခြေရင်း နဲ့ ခေါင်းရင်း
ဝင်သက်ထွက်သက်
အမှုမဲ့ အမှတ်မဲ့စွာ အသိမဲ့စွာ နေတတ်ချင်တယ်
အခြေအမြစ်မရှိဘူးဆိုပေမယ့်
ထွက်လာတတ်တဲ့ ဒေါသနဲ့ သောကဆိုတာ
ကြယ်သီးနဲ့ ကြယ်သီးပေါက်လိုမျိုး
ရင်ကြားစေ့ထိန်းချုပ်လို့ ရခဲ့တာမှမဟုတ်တာ
ဘယ်သူကရော ပူလောင်ချင်မှာလဲ

စိတ်ကို ဖော့၊ အသက်ကို မျှင်းမျှင်းရှူပြီး
မျက်လုံးကို ချက်ချလို့ လူးလွန့်နိုးတဲ့ ညတွေဆို
ဘယ်အချိန်ရှိပြီလဲ နာရီမကြည့်ချင်ဘူး
တခါတခါ ရှတတ သံဝေဂတချို့
ပူပန်စိတ်တွေ တောင့်တစိတ်တွေ သောကတွေက
တစိမ့်စိမ့်နဲ့ စိတ်ရဲ့ လွတ်ရာတွေဆီကနေ
တိုးဝင်လာမြဲ
နှစ်သစ်သာကူးသွားပြန်တယ်
တကယ်တော့..
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ကျိန်စာသင့်လို့
မောပန်းနွမ်းနယ်နေတာလွဲရင် ဘ၀မှာ
ဖြစ်ဖြစ်မြောက်မြောက်ရယ်လို့ ဖမ်းဆုပ်ပြစရာ
တစ်ခုမှ ရှိသေးတာမဟုတ်ဘူးရယ်
ချစ်တဲ့

✎❑уaйaит cно❒ ヅ

Thursday, September 6, 2012

အမြဲစိမ်း တော

အမြဲစိမ်း တော

........................

မျှော်လင့်ပန်းတွေနဲ့
ပျော်ခွင့်ကို ကမ်းပါရစေ.. သခင်။
မမြင်ချင်လည်း သခင်မကြည့်ပါနဲ့
မခင်ချင်လည်း၊ သခင် မသိပါနဲ့။

သခင် မသိရာ၊ အလွမ်းဇာတ်
စခန်းရပ်လို့ မျှော်လင့်မယ်။
သခင်မမြင်ရာ ရင်နာဇာတ်
ကြင်နာတတ်ဖို့ မျှော်လင့်မယ်။

သခင့် သဘော သခင်ဆောင်
မမြင်စေချင်ရင် ကိုယ်ယောင် ဖျောက်
အို ....
အတောင်ပေါက်ကာ သခင်ပြေးသော်လည်း
အမှောင်တစ်လျှောက်မှာ ရင်အလေးရယ်နဲ့။

သခင့်ရဲ့ ... အဆင်အသွေး
သခင့်ရဲ့ ... ခြေရာလေးတွေ
ဖွေရှာကာ ဝေဒနာတက်ပါလို့
မရေရာစွာ နေသာခက်တာကြောင့်၊

တစ်ရက်...
တစ်နာရီ....
တစ်ရာသီ မလပ်ရအောင်....
ရှိသမျှရင် ဝေဒနာအဆွေးတွေနဲ့
အဓိကအမြင် ရောရာဖို့ အရေးရယ်လို့
သတိတရ ... အစဉ်၊ ကြေငြာဖို့တွေးနေဆဲပါပဲ။

ရင်ထဲမှာ ငို ... ငိုရှိုက်နေပေမယ့်
သခင်ရိုက်တယ်၊ မယူဆပါဘူး။
တူကာမျှ၊ ရင်နှစ်အသည်းညှာသို့
ယူဆစွာ အကျွန် ချစ်မိပြီးပဲ။

ချစ်မိသည်ကို...
အပြစ်ရှိတယ် သခင်ထင်လည်း
နွံနစ်ကာ မိုက်ဇာတ်သိမ်းတဲ့ အထိ
သခင်ရယ်.....
စိမ်းပေါ့ အမြဲ......။ ။
(မောင်လှမျိုး - ချင်းချောင်းခြံ)

Saturday, September 1, 2012

٠•●သက်တမ်းမဲ့ စိတ်ကူး ●•٠


ဒီနေ့အချိန် ဒီလိုနာရီတွေက
မနေ့က သေသွားသူတွေ တမ်းတရတဲ့
တန်ဖိုးရှိတဲ့အချိန်တွေတဲ့
မှန်ပါတယ်
လက်ခံပါတယ်
အရှိကို အရှိအတိုင်း မြင်အောင်
ကြိုးစားရင်း ဘ၀ကို ထိန်းကျောင်းဖို့
လျှောက်နေတဲ့လမ်းက ချိနဲ့နဲ့
တစ်ဖက်စောင်းနင်းနေ့စွဲတွေနဲ့
ခြောက်သွေ့စွာ ရှေ့ဆက်ဖို့ခက်ခဲ့တယ်
မျှော်လင့်ချက်တွေကို ခပ်ရေးရေးခြယ်တိုင်း
မနက်ဖြန်တွေဆိုတာ မြူတွေဆိုင်းလို့
ရင်ခုန်သံနဲ့ စိတ်ကူးတွေလည်း
ကြိုးတွေ ပြုတ် ထွက် ကုန် တယ်....။

ညှိုးနွမ်းနေတဲ့ အတွေးစတွေနဲ့
မျှော်လင့်ချက်မဲ့နေတဲ့ စက္ကန့်တိုင်းက
တိတ်ဆိတ်နေတဲ့ အထီးကျန် အခန်းငယ်ထဲမှာ
အသက်မဲ့စွာ ငါ့နေ့စွဲတွေကို ကျော်ဖြတ်နေကြတယ်
ဒီလိုနဲ့ တွေးငေးနေရင်း
မျှော်လင့်ချက်မဲ့စွာ
တိမ်တွေ ရွေ့လျားနေတာကို
ထိုင်ကြည့်ရင်း ဟာနေတဲ့ ရင်နဲ့
သက်ပြင်းကို အခါခါချ
မဆိုစလောက် ဥာဏ်တိမ်တိမ်နဲ့
အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေလုပ်ရင်း
အဓိပ္ပာယ်မရှိတဲ့ နေ့တွေကို
အဓိပ္ပာယ်မဲ့စွာ ငါဖြတ်နေဆဲ
မင်း အနား မရှိချိန်တွေ.................။


ချစ်တဲ့
✎❑уaйaит cно❒ ヅ

٠•●♥Ƹ̵̡Ӝ̵̨̄Ʒ ဆိုင်သူမဲ့ ကဗျာ Ƹ̵̡Ӝ̵̨̄Ʒ♥●•٠

လမ်းတွေ လျှောက်ရင်းလျှောက်ရင်း
ဝေ့လိုက် လဲကျလိုက်
ဖြောင့်တန်းအောင်တော့ အားတင်းမိဆဲ
လမ်းတ၀က်ရောက်မှ ခလုတ်တိုက်ရုံနဲ့
နှလုံးသားလွတ်ကျမသွားအောင်တော့ သတိထားရတယ်

သတိပြုသူမဲ့နေတဲ့ စကားလုံးတွေ စာသားတွေ သံစဉ်တွေ
ရေးရင်း ရေးရင်း မျှော်လင့်ချက်တွေ မဲ့စွာ
ဝမ်းနည်းလိုက် အားငယ်လိုက်
အားတင်းပြီးတော့ ဆက်ရေးနေမိဆဲ

ခေါ်သူမဲ့တဲ့ တယ်လီဖုန်း
ဆက်သွယ်မှူ ဧရိယာရဲ့ အပြင်က နံပါတ်တစ်ချို့
သတိထားနေရင်းနဲ့ အယောင်ယောင်မှားမှား တမ်းတနေဆဲ
တကယ်တမ်းက နှစ်ဝါတစ်နီပြပြီး ထွက်သင့်တဲ့ ကစားနည်းတစ်ခု
အရာရာကို ကိုယ်တိုင်နားလည်တတ်ရင် အကောင်းသား

သတိတယနဲ့ ထထအော်ပေးရှာတဲ့ တယ်လီဖုန်းမြည်သံနဲ့ နံနက်ခင်းတွေ
အိမ်အပြန်နောက်ကျလို့ စိတ်ပူစွာ ဒေါသဖြစ်တဲ့ ဆူပူသံတွေ
ချက်ချင်းမတုန့်ပြန်မိစကားလုံးတွေအတွက် ရက်စက်စွာ တုန့်ပြန်ခြင်းတွေ
စာတိုလေးတွေ
မကြာခနထထအော်တတ်တဲ့ ဖုန်းမြည်သံတွေ
စိတ်ပူစွာ မေးမြန်းစူးစမ်းမှူတွေ
ဒေါသတကြီး အော်ငေါက်တာတွေ
လွယ်လွယ်မြင်သာအောင် ပြရရင်
ဘ၀မှာ တစ်ကြိမ်တစ်ခါက ချစ်ခြင်းမေတ္တာကို
အမြတ်တနိုး အချိန်ပေးခံရတဲ့ သူ့ရဲ့
ချစ်ခြင်းတွေနဲ့ အချိန်လေးတွေကို
ပြန်လည်လွမ်းဆွတ်ခြင်းက အခါခါ

လွတ်လပ်စွာ ဝေ့၀ဲခွင့် ရှိပါတယ်
စိတ်ကြိုက်လေလွင့်ခွင့် ရှိပါတယ်
ကမ်းကုန်အောင် မိုက်ရူးခွင့် ရှိပါတယ်
အချိန်တန်ရင်တော့ ကိုယ့်သမိုင်းကို ရေးရင်း
အလွမ်းကျိန်စာတွေထဲက ရုန်းဖို့ ကြိုးစားကြရတယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ


Thursday, August 30, 2012

♥'ဟာကွက် '♥


ဘာ့ကြောင့်ဘယ်လို ဆုံးရှုံးခဲ့
ဖြစ်ချိန်နဲ့ ပျက်ချိန်နှစ်ခုအကြားက
ဝေးကွာမှုတွေအကြောင်း♥

နံမည်လေးတစ်ခုကို တီးတိုး ရွတ်မိတာနဲ့
မိုးစင်စင်လင်းသွားခဲ့
သက်ဆိုးရှည်တဲ့ အလွမ်းညတွေအကြောင်း
♥

တေးသွားကာရန်တွေကြားက ရင်မှာအကြိမ်ကြိမ်ပဲ့တင်ထပ်
မပီပြင်ဝိုးတ၀ါး အသံတိုးတိုးတစ်ခုကြောင့်
အသက်ရှူခက်စွာ အနေခက်တဲ့ နေ့စွဲတွေအကြောင်း♥

လူတစ်ယောက်က လူတစ်ယောက်ကို
ဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာ
တိတ်တိတ်ကလေး စောင့်ကြည့်ရင်း
တူးခတ်မိတဲ့ စာမျက်နှာတွေအကြောင်း
♥

သူ့အရွက်နှစ်ခု ဒီမြေပေါ်မှာ ရှိနေတာ မသိသွားခဲ့တဲ့
သေသွားတဲ့ စွယ်တော်ပင် အောက်က ညနေခင်းတွေအကြောင်း♥

လေပြည်ညင်းတို့ အေးစက်
မနက်တိုင်းနင်းဖြတ်ခဲ့တဲ့ ပန်းဝါ၀ါတွေရှေ့ရောက်တိုင်း
ဟာနေတဲ့ ရင်နဲ့ တိုးတိုးလေး နှုတ်ဆက်ခဲ့ရတဲ့
အထီးကျန်တဲ့ မနက်ခင်းတွေအကြောင်း
♥

ဇာတ်ကြောင်းကို အပြန်ပြန်အလှန်လှန် သုံးသပ်ရင်း
ကိုယ်တိုင်မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့
ချောင်ပိတ်မိနေတဲ့ အတွေးပိုင်းတွေအကြောင်း
♥
ဒီခပ်ရိုင်းရိုင်း သက္ကရာဇ်တွေကို ပြန်တူးဖော်ရုံနဲ့
အမြစ်မသေတဲ့ တမ်းတနာက တဆစ်ဆစ်ကိုက်တယ်
တိတ်ဆိတ်ခြင်းတွေထဲက ထွက်လာတဲ့ ဒီအလွမ်းမြစ်
ဘာမှမဖြစ်သလို ဝေ့၀ဲပစ်လိုက်ဖို့ကျ ငြင်းဆန်လို့မရခဲ့ဘူး

ဒါပေမယ့်..♥♥♥
ဟာကွက်တစ်ခုကို အကြောင်းပြုရင်း
တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန်
တိုက်ခိုက်ပြီးမှ အကောင်းတစ်ခုလို ပြန်သစ်လွင်တာဆိုလို့
ဟောဒီလောကမှာ အလွမ်းဆိုတာပဲ ရှိတယ်လို့ ကိုယ်ထင်တယ်။
♥
ချစ်တဲ့
✎❑уaйaит cно❒ ヅ

27.06.2012

Sunday, April 15, 2012

နွယ်..ပုံပြင်


(၁)
နွယ်ပင်လေးတစ်ပင်..
သူ့ရှင်သန်ခြင်းတွေမှာ
ပျော်မွေ့စေဖို့အတွက်
တင်းသထက်တင်း
ရစ်သထက် ရစ်လာတော့
အသက်ရှူတွေကြပ်လာခဲ့တယ်။
ခနတာ ငါရုန်းထွက်အကြည့်
တင်းတင်းပြန်ပြီး နှစ်ဆတိုးလာတော့
ခိုင်ခိုင်ပြန်တွဲမိတဲ့
ငါ့လက်တစ်စုံ..
ဒီတစ်သက် သူ့အတွက်ပဲ
ငါ ရှင်သန်တော့မယ်လို့လည်း
ဆုံးဖြတ်ချက်နဲ့ ရဲရင့်စေတဲ့ ဒီနွယ်..။

(၂)
ဘ၀နွေပူပူ
ကျောတွေပူခဲ့ပေမယ့်
သူ့အနားနေရမယ်ဆို
ရှင်သန်စေခြင်း အကြောင်းတရားတွေကို
ဘေးမှာအသာထားလို့
ဒီနွယ်တစ်ပင်နဲ့
ငါ... အရောင်တွေတောင် လွင့်နေခဲ့ဖူးတယ်။

(၃)
နေသားတကျ ရှိမယ်ဆိုမှ
ဒီနွယ်က သွေးသားကို သောက်ပြီး
ရှင်တဲ့ နွယ်တစ်မျိုးမှန်းသိခဲ့ပေမယ့်
ငါ... ရုန်းမထွက်ချင်တော့ဘူး..
ရှင်သန်ခဲ့ပြီးမှ.. ဒီနွယ်အတွက်ပဲ
ကျဆုံးပါစေတော့လို့
မျက်စိစုံမှိတ်
ပျော်အောင် ငါနေခဲ့တယ်..
သိပ်ကို ပျော်ခဲ့ပါတယ် နွယ်..။
(၄)
မုန်တိုင်းတွေလား
လေပြင်းတွေတိုက်တော့
လန့်နိုးလာတဲ့ညတွေမှာ..
ငါ့ကို ရစ်ထားတဲ့ ဒီနွယ်လေး
ဟိုး အပင်ထက် အကိုင်းအခက်တွေနားမှာ
ရစ်နွယ်ခြင်းကို မေ့လို့....
တမ်းတမှု အားငယ်မှုတွေနဲ့
ခေါ်သံတွေကို သူမကြားတော့ဘူး..။
ပျော်နေသလား နွယ်..
ရင်တွေ နင့်ပေမယ့်
ရစ်ပတ်ခြင်းကိုပဲ တမ်းတလို့
မိုးလေတွေကြားထဲမှာ
ကြောက်လန့်ခြင်းနဲ့အတူ
ငါ.. အားတွေငယ်လိုက်တာကွယ်..။
(၅)
မိုးလေတွေကင်းစင်လို့
လေပြင်းတွေငြိမ်သွားရင်
နွယ်လေးပြန်ရစ်လာမြဲ
ငါက ..နာကျင်ခြင်းတွေအသာထား
အားတင်းပြီး မေးမိတယ်
အဆင်ပြေပါသလား နွယ်..
အားလျော့တဲ့ ငါ့လေသံက
သူ့ရစ်အားတွေကို လျော့ကျစေခဲ့တယ်
နွယ်... လေယူကို တိမ်းချင်နေပြီပေါ့..။
အားတင်းကာ ငါ ပြုံးခဲ့ပါတယ်
ဒီနွယ်...
ငါ့အား ငါ့ထာဝရအတွက်
ရစ်ပတ်နိုင်ပါစေလို့လည်း
တိုးတိုးလေး ငါ ဆုတောင်းဖူးတယ်...။
(၆)
တစ်နွေကူးတော့မယ်ဆိုမှ
နွယ်က တိမ်းပြီ..
နောက်ဆုံး
ငါ့နောက်ကျောမှာ
ဓားဒဏ်ရာဘရဗွ နဲ့
ဒီနွယ်လေးကို တမ်းတရင်း
နွယ်ပင်လေး ရှိတဲ့
အပင်ရင်းမှာ
အသက်ဇီဝိန်ခြွေခဲ့တယ်..။
နှုတ်ဆက်ဖို့
လက်မပြတော့ဘူး နွယ်
မြင်တော့မှာ မဟုတ်တော့လို့
ငါ .. ထွက်သက် ၀င်သက်
ချုပ်ငြိမ်းခါနီးထိတော့
နွယ့်ကို တမ်းတမိသေးတယ်..
ပျော်ရွှင်ပါစေ...နွယ်..။
တမ်းတခြင်းမှာ...
ဖြူစင်ခြင်းတွေပဲမို့
နင် ရှင်သန်ရာလမ်း
ခလုတ်တိုက်မှာမဟုတ်ဘူး
ယုံနော်.. နွယ်..။
ငါဟာ... နွယ့်အတွက်သာ ဆိုတာ
နွယ်မသိတော့ပေမယ့်
....................
ယာခင်းထဲက လုလုလေးကတော့ ချည်ငင်တွေနဲ့
ပြာယာခတ်နေခဲ့တယ်တဲ့..။

ဒီပုံပြင်လေးဆုံးတော့ ကျွန်တော် ငိုခဲ့တယ်။ ရှိုက်သံတွေနဲ့ အတူ နားစွင့်မိတော့ တိတ်ဆိတ်တဲ့ အာရုဏ်ဦးမှာ... ကျေးငှက်တွေတောင် မနိုးသေးဘူး..။ ကားသံတစ်ချို့တော့ ကြားတယ်..။ ပုံပြင်တွေနဲ့ ကျွန်တော် ရန်ဖြစ်နေတဲ့ ညတွေအတွက်..။

ရနံ့ချို
(၂၄.၄.၂၀၁၁)

ပို့စ်အဟောင်းလေးပါ ပြန်တင်ပေးလိုက်ပါတယ်။ လာလည်တာ ကျေးဇူးတင်ပါတယ် ။

Friday, April 13, 2012

♥ချစ်သောဆောင်း♥



လူတွေ အနွေးထည်ကိုယ်စီနဲ့
အလှသွေးကြွယ် အသွေးအရောင်စုံခဲ့
ဆောင်းညတွေအကြောင်း...
မမေ့ရက်သူ တစ်ယောက်မှာတော့
ရာသီပြောင်းအလီလီမှာ
နှ
င်းပွင့်တွေနဲ့ သစ္စာတည် ကြွေခဲ့ရမျက်ရည်တောထဲ
မဖယ်ခွာ မရှောင်တိမ်းချင်သမို့
ကျွတ်ဆူဆဲနေပူလည်း
ဆောင်းကိုကြိုတဲ့ အနွေးထည်လေးနဲ့...
မိုးဒဏ်တွေကြုံလည်း
ဆောင်းအတွက် ကြိုမယ့် အနွေးထည်လေးနဲ့...
တနေ့တော့ ချစ်တဲ့ ဆောင်းရောက်လာနိုးနဲ့
မျှော်ကိုးလို့ ယုံစားကာ စောင့်

ကြိုလင့်တဲ့ ဆောင်းမရောက်ခင်
မျှော်မိသူ ကံနည်းသူကိုယ်မို့
အံမ၀င် ဂွင်မကျနေခဲ့သမျှ ..
လှောင်ပြောင်ကာသရော်ခံခဲ့...ဆောင်းရောက်ရင်
နှင်းတွေကို သက်သေထား ပြောပြရဦးမည်
ဆောင်းကိုမှ မျှော်ကိုးသူရယ်လို့
နွေနဲ့ မိုးက အငြိုးတကြီးနဲ့ ပူစေ ။ စွတ်စိုစေနဲ့
အခါခါ ရန်ငြိုးဖွဲ့တဲ့အကြောင်း
အနွေးထည်ဟောင်းထူထူလေးနဲ့
နှင်းတွေကြားက ဆောင်းကြားသိအောင် ပြောပြရမည်
ယိုင်နဲ့နဲ့ အင်အားနဲ့ ချိနဲ့စွာအားတင်းမိ
ဒီနှစ် ဆောင်းအရောက် နောက်ကျတယ်ထင်မိသည်။

အမြင်တွေ မှုန်ဝါး..
ဝိုးတ၀ါးအာရုံနဲ့ စူးရောက်စွာသိလိုက်တယ်
အော် .... နှင်းဝေတဲ့ ဆောင်း ရောက်ပြီပဲ...။

မျှော်နေသူ ကြိုပုံကို အားမရလေသလား
နှင်းတွေကြွေတဲ့ ဒီဆောင်း
အရင်နှစ်တွေနဲ့မတူ
အနွေးထည်ဟောင်းနဲ့ ကိုယ့်အား
မမြင်ယောင်ဆောင် မျက်နှာလွှဲ
အသွေးရောင်စုံ အနွေးထည်ထူထူတွေကြားမှာ
ဒီနှစ်ဆောင်းက ပိုကဲတယ်...

သစ်လွင်ပြီးပျော်ရွှင်နေတဲ့ ဒီဆောင်းကို ကြည့်ပြီး
အရင်နှစ်တွေက ဆောင်းရဲ့ ကိုယ်နဲ့ရင်းနှီးခဲ့ဖူးတဲ့
နှင်းတွေကိုတော့ လွမ်းတယ် ဆောင်းရယ်...
ဆောင်း သိမယ်မထင်ဘူး....

သစ်လွင်ပျော်ရွှင်နေတဲ့ဆောင်း
ဒီထက်ပျော်ရွှင်ပါစေလို့ အနွေးထည်ဟောင်းလေးထဲက
ကိုယ်...မျက်နှာဝှက်လို့ ချစ်သက်ဝင်ရင်း
ချစ်သောဆောင်း အတွက် တောင်းဆုတွေပြုနေမယ်
အစဉ်.....
♥♥
ချစ်တဲ့

✎❑уaйaит cно❒ ヅ

Monday, March 12, 2012

ဘာမှမလိုချင်တဲ့ အဓိပ္ပာယ်နဲ့ (၆)

တွေ့ မှတွေ့ တော့လည်း တိုက်တိုက်ဆိုင်ဆိုင်ပါပဲလားသူငယ်ချင်း
ငါတို့ဟာဘာမှမဟုတ်တဲ့ ခပ်ဟုတ်ဟုတ်ကောင်တွေပေါ့

တစ်နေ့နဲ့တစ်နေ့ အသက်ရှင်ဖို့ အသက်ရှူမယ်
အသက်တွေ ကြီးလာမယ်
အိပ်မယ် စားမယ် မျိုးပွားမယ်
တိရစ္ဆာန်တွေထက်သာဖို့ တွေးခေါ်မယ်ပေါ့ကွာ


ငါတို့ဟာလူတွေဆိုတော့ အချင်းချင်းရိုင်းပင်းကူညီကြတယ်
ငါတို့ဟာလူတွေဆိုတော့ အမှန်တရားကို မြတ်နိုးကြတယ်
ငါတို့ဟာလူတွေဆိုတော့ အလုပ်တွေလုပ်ကြတယ်
ငါတို့ဟာလူတွေဆိုတော့ တစ်ခါတစ်ခါ မိုက်မဲကြတယ်ပေါ့ကွာ



သူငယ်ချင်းမိတ်ဆွေ အပျော်လေးတွေနဲ့လေကြတယ်
ငါတို့ဟာ ဘာတွေလဲဆိုပြီး ပြန်ပြန်မေးကြတယ်
အရာရာဘာမှမရှိလဲ ဆက်သွားနေတဲ့ သစ္စာတရားလို
လောကကြီးက ငါတို့မရှိလဲ ဆက်သွားနေသလို

ဘာမှမဟုတ်ပေမယ့်
သင်ပြုသောကံ သင့်ထံပြန်လာမည်ဆိုသလိုပေါ့
အမှန်မွန်တွေဆိုတာလည်း သိရုံသိပြီး
လိုက်မလုပ်ဖြစ်နိုင်တဲ့ ခေတ်ကြီးထဲမှာ
ခက်ပါတယ် သူငယ်ချင်းရာ
လူဖြစ်ရုံသက်သက် လူဖြစ်ခဲ့ရတာလားကွာ။

ငါတို့ရပ်တည်နေတဲ့မြို့ ပြမှာ
မနက်အိပ်ယာထ သွားတိုက်ရမလား ပိုက်ဆံရှာရမလား
အရင်စဉ်းစားရ
ဥာဏ်တိမ်သူတွေနဲ့ အဆင်ပြေဖို့ စဉ်းစားရ
လူတွေရဲ့  ဗန်းစကားတွေနဲ့ ယဉ်ပါးဖို့ကြိုးစားရ
ငါတို့လိုက်မမှီတဲ့ ဖြောင့်လိုက်ကွေးလိုက်ဆံပင်တွေရယ်
လာကြူမနေနဲ့ဆိုတဲ့
ခေတ်ပေါ်အင်တာနက်မလေးတွေရယ်
ဆန်းသစ်နေတဲ့ အချစ်ပေါ် အာရုံခံစားမှုတွေရယ်ပေါ့ကွာ။



ငါတို့အိမ်မှာ ရက်ဆုတ်ပြက္ခဒိန်မရှိတာ
ပြသဒါးရက်တွေနဲ့ ကွာလတီမဂ္ဂဇင်းမထားတတ်တာ
မိုးလုံလေလုံ ကြီးကျယ်မြင့်မြတ်မှုမရှိတာ
ခေတ်ပေါ်ဇိမ်ခံပစ္စည်းတွေမရှိတာကလွဲရင်
စည်းကမ်းရှိရှိ ပျော်ရွှင်စွာ နေထိုင်တတ်ခဲ့ကြတယ်ပေါ့
ငါတို့မပျော်ဝင်တဲ့ ပျော်ရွှင်မှုတွေမှာ
ငါတို့နဲ့ မသက်ဆိုင်သလို နေပျော်ခဲ့ကြတယ်ပေါ့။


မတွေ့ဘူးဆိုတော့လည်း
ကပ်လွဲလေးတွေချည်းပဲ သူငယ်ချင်း
မိသားစုနဲ့ လွဲခဲ့တဲ့ မိသားစုလေးတွေရယ်
ကြယ်တွေက သိပ်လှတာပဲလို့ ပြောနိုင်မယ့်
အခွင့်အခါရယ်
ကဗျာဟာ ကမ္ဘာပါလို့ ပြောပြောနေတဲ့
ကဗျာဆရာတွေရယ်
ငါတို့ဟာ ဘ၀ပေးတွေ လွဲခဲ့တယ်သူငယ်ချင်း။

ညီမလေးရဲ့  ဘ၀ကိုလဲ စာနာပါလို့ ကိုကြီးရယ်
ကျွန်တော်က တစ်နေ့လုပ် တစ်နေ့စားပါ အစ်မကြီးရယ်
ဦးလဲအရက်ဖြတ်ချင်ပါတယ် ဒါပေမဲ့ကွာ
ခင်ဗျားကလဲ တလွဲတွေချည်း
သေသာသေလိုက်ပါတော့ကွာ လွဲကုန်ပြန်ပြီ
ငါတို့တွေဟာ အကုန်လွဲခဲ့တဲ့ ကံကြမ္မာတွေနဲ့
ချစ်သောမြို့ လေးများကို ခွဲခွာခဲ့ရ
ငါတို့ညီ၊ ညီမတွေလဲ မရောင့်ရဲချင်တဲ့ ရောင့်ရဲမှုတွေနဲ့
မြို့ ပြဖက်ရှင်တွေကို ငေးမောခဲ့ရ
ငါတို့မိဘတွေလဲ ငါတို့ရှင်သန်ဖို့
သံသရာကို ဘ၀အဆက်ဆက်သယ်ယူရ
ငါတို့သူငယ်ချင်းတွေလည်း တဖြည်းဖြည်းနဲ့ လွဲသွားခဲ့ရ
ငါတို့ ရေလိုက်မှားခဲ့လား သူငယ်ချင်း။

ငါတို့ဟာ နေ့စဉ်ရက်ဆက်ကြွေနေတဲ့ သစ်ရွက်လေးတွေလား
အခုပြောပြီး အခုမေ့မေ့သွားတဲ့ မှတ်ဥာဏ်ချို့ တဲ့မှုလား
ငါတို့စပ်ထားတဲ့ အရောင်တွေ
ငါတို့ ဖွဲ့ဆိုထားတဲ့ ဘာသာစကားတွေ
ငါတို့ ရယ်မောနေတဲ့ ဟာသတွေ
ငါတို့ ခြေတိုခဲ့ရတဲ့ လမ်းတွေပေါ်က
ဘာမှမလိုချင်တဲ့ အဓိပ္ပါယ်နဲ့ငါတို့အနုပညာ
ငါတို့ဟာ နွေမိုးဆောင်း သတိမထားမိဘဲ
လွင့်ပါးခဲ့ကြတဲ့ နေ့ရက်တွေနဲ့အတူ
အချို့ ကဗျာတွေကို အသေချစ်ပြီး
အချို့ ကဗျာတွေကို အသေမုန်းခဲ့ကြတယ်
ငါတို့အိတ်ကပ်ထဲမှာ စာရွက်ရယ် ဘောပင်ရယ်
ကိုယ်ကျင့်တရားရယ် ထည့်ပြီး
ပျစ်ပျစ်နှစ်နှစ်ကြီးကို ပျော်ရွှင်ခဲ့ကြတယ်
နှစ်နှစ်ကာကာကြီးကို ခုံမင်ခဲ့ကြတယ်
အသေလူးလဲ ရပ်တည်ခဲ့ကြရတယ်။


ငါတို့ဟာ လျှပ်ပေါ်လောလီမှုကို အထင်မကြီးဘူး
ပေါ်ပင်အရေးအသားတွေကို မနှစ်သက်ဘူး
မဂ္ဂဇင်းတစ်အုပ် စဖတ်ပြီဆိုရင်
ကဗျာမှာစပြီး ကဗျာမှာဆုံးတဲ့ကောင်တွေ
ကဗျာမပါရင် မဂ္ဂဇင်းဗလာလို့ပြောတဲ့ကောင်တွေ
ငါတို့မှာ ဖတ်စရာ မဂ္ဂဇင်းသိပ်မရှိဘူး
ငါတို့ဟာ မိခင်ဘာသာစကားကို သင်ယူတယ်ပြောတယ်
မိခင်ယဉ်ကျေးမှုကို ချစ်မြတ်နိုးတယ်
မိခင်ကဗျာတွေနဲ့ ကျောသပ်ရင်သပ်နေတယ်
ငါတို့ဟာ ဘယ်ပတ်ဝန်းကျင်ကြောင့် မှ အရောင်မပြောင်းဘူး
အမြဲတမ်းခေါင်းညိတ်မနေဘူး
ရှင်းရှင်းပြောရင် ငါတို့ဟာ ပုတ်သင်ညိုနဲ့မတူဘူးတဲ့
သိတတ်နားလည်ခံစားတတ်သူတွေ
သက်ရှိလူတွေ
အလိုလိုတုန့်ပြန်တတ်ပြီး
ပြန်လည်ထိန်းချုပ်နိုင်တဲ့
ဘာမှမဟုတ်တဲ့ ခပ်ဟုတ်ဟုတ်သူငယ်ချင်းတွေ။

ငါတို့ဟာ လူသူငယ်ချင်းတွေ
ငါတို့ နေထိုင်မှုက အထွေအထူးမရှိ
ငါတို့ကြုံမှဘဲ ကြုံအောင်ပြောတာ ကဗျာအကြောင်း
ဘ၀ရပ်တည်မှုကဗျာ
ငါတို့ဟာ သန့်ရှင်းသော ကိုယ်ဟန်စိတ်ထားနဲ့
ဘ၀ကို ဖြတ်သန်းချင်သူတွေ
ငါတို့ရဲ့  လူမှုရေး ကဗျာရေးတွေမှာ
ငါတို့ဟာ သွေးအေးသွေးဆူလွယ်
ငါတို့ဟာ မနက်ဖြန်အတွက် ဘ၀ကိုလေ့ကျင့်ရင်း
ဘာမှမလိုချင်တဲ့ အဓိပ္ပါယ်နဲ့ ကဗျာတွေကို ဖတ်ရင်း
ငါတို့ဘ၀တွေကို ဗလာမဟုတ်မှန်း
သိသိလာခဲ့ရတယ်ပေါ့ သူငယ်ချင်း။ ။
မြတ်ဝေ

Tuesday, February 21, 2012

“နာကျင်ခြင်းတရားတော်”



ဆူးကိုထွင်ရင်တော့
နာကျင်ရမှာပေါ့
မထွင်ရင်လည်း တစစ်စစ်ဖြစ်နေမယ်။
...
နာကျင်ဖွယ်အမှန်တရားကိုရင်မဆိုင်ရဲလို.
လက်ရှိအနေအထားလေးမှာ မျှောလိုက်နေသူတို.ရေ
လောကရဲ. စရိုက်ဆန်းမှာ
ရောလိုက်ပြီးတော့လည်း မစမ်းနဲ.
အရွဲ.တိုက်ပြီးတော့လည်း မကြမ်းနဲ.
အမှန်ကို မြင်စေတဲ့စခန်းက
ဖြတ်လမ်းမရှိဘူးလေ။

တည့်တည့်လေးကြည့်
တချိန်တည်းမှာသိလိုက်
ထိခိုက်မှု မှန်သမျှက “နာ”ပါတယ်
(လက်ခံပါတယ်)
ဒါပေမယ့်
တုန်ခါမှုကြောင့် ပို နာနေကြတာ ဘာ့ကြောင့်လဲ။

နာကျင်မှုကိုပဲ တယုတယမွေး
တသသကျောသပ်ပေးနေတော့မှာလား
ပါရမီမြောက်ဒုက္ခသည်ကြီးရေ
နည်းနည်းလေးစိတ်လျော့လိုက်ပါ။

ပြည်အောင်းနေတဲ့ ဒဏ်ရာ
အနာခံဖောက်ထုတ်မှ သက်သာမယ်
နာကျင်မှုကို သွေးလိုလှူလိုက်
ငါတို.က ဖေးကူလို.မရဘူး။
>>>မော်နီ

Friday, January 6, 2012

"စွန့်စားမယ် "




စွန့်စားမယ် ( Cobra )


ဝေးနေတဲ့အခါ
မဆွေးချင်ဘူး
တွေးနေချင်တယ်...။

နီးရတဲ့အခါ
ကျောခိုင်းနေလည်း
ရင်ခုန်နေတယ်...။

စည်းခြားနေလို့
ကျော်မရရင်
ခေါင်းငုံ့ပြီးတော့
ဝင်ခဲ့မယ်...။

ချစ်တဲ့..
✎❑уaйaит cно❒ ヅ

Thursday, January 5, 2012

***ချစ်သူနဲ့ ဝေးရတဲ့ ... ကံ***

ငှက်ကလေး နှစ်ကောင်ကို
တစ်ကောင်စီ .. ခွဲခဲ့မိလေသလား။
ငါးကလေး နှစ်ကောင်ကို
တစ်ကောင်စီ .. ထားခဲ့မိလေသလား။
သူတစ်ပါး ချစ်သူကို
ပြစ်မှား ငေးကြည့်...
ကျူးလွန်မိခဲ့လေသလား..။
သူတစ်ပါး ချစ်ခြင်း
ကွေကွင်းစေအောင်
စွမ်းဆောင်မိခဲ့လေသလား..။

ကံ၏ အမှု၊ အစုစု မှ
ချစ်သော သူ့ကို ငြိမ်းစေလိုသည်..။
ကိုယ် တစ်ကိုယ်တည်း
ကံ အမွဲမို့
အံခဲဖြေလျော့... မငိုတော့ဘူး..။

ထို..ထို..ဘဝ
ကမ္မ တစ်ဖန်၊ အကြောင်းပြန်လျှင်...
ကံအမှု... ကြွေး၊ ဤ၀ဋ်ဘေးမှ
ချစ်သူ ကင်းဝေး အေးပါစေ...။ ။
မောင်လှမျိုး (ချင်းချောင်းခြံ)

Tuesday, January 3, 2012

အလွမ်းနဲ့ လမ်းခွဲခြင်း


ဖြစ်ခဲ့သမျှ လှည့်စားမှုသတ်သတ်လောက်ပဲမလား
နှုတ်ဖျားက ပြောပြော
စာနဲ့ပဲ ရေးရေးပါ
ယုံကြည်မှုနဲ့ အိပ်မက်တွေမက်ရတာလောက်
ပျော်စရာကောင်းတာ မရှိဘူး။

ဖယောင်းတိုင်တစ်ခုလို
အလောင်ကျွမ်း ခံနေရင်း
မီးတောက် ကို ချစ်သလို ငါနင့်ကို ချစ်တယ်
ငါ လောင်ကျွမ်းပျော်ကျသွားမှာထက်
ဖျက်ခနဲ့ နင်ပျောက်ကွယ်မှာသာ စိုးတာပါ။

မနာကျင်ရဘူး မပြောပါနဲ့
ဘ၀က ကံဆိုးမသွားလေရာ မိုးလိုက်ပြီးရွာလိုက်တာ
ဟောသည် အမှတ်၂၈ ဆိုတဲ့ လွယ်အိတ်နဲ့အပြည့်
ခံစားချက်တွေ ...ဟော ဟော...ဆိုပြီး ထုတ်ပြလိုက်ချင်တယ်။
ဒါပေမယ့်...
ကလေးဆိုးတစ်ယောက်လိုတော့
ဘကြီးအောင် ညာရက်လေခြင်းဆိုပြီး ငါမဖျားတော့တာ
နင် နားလည်လိုက်ပါလေ
ဒီဇာတ် မနာတာ ပိုမကောင်းဘူးလား။

လိုက်ကာကြီးက ကျသွားပြီ
ကိုကျီးညို ပေါ်လာနိုးနဲ့ ပွဲခင်းထဲ
မျက်ရည်လည်ရွဲနဲ့ စောင့်နေတဲ့ မယ်ထွေးလေးရင်ထဲက
သောကတွေ နားလည်လိုက်သလို ရှိသားပဲ

လမ်းခွဲသွားပုံကတော့
ဗွီလိန်မလိုဘဲ အောင်မြင်စွာ ခမ်းနားတယ်
လမ်းခွဲဖို့ နှုတ်ဆက်နေတာတဲ့
သိမ်းသွားလိုက်ပါဆို ပေမယ့်
တချွင်ချွင်မြည်ပြီး ခုန်ပေါက်ထွက်ကျသွားတာတွေက
ငါ့ ရင်ထဲက အချစ်နဲ့ မျက်ရည်တွေဆိုရင်
အကုန် ကုန်စမ်းကွယ်..
ငါ အသာ ဘေးကနေ ရပ်ကြည့်နေလိုက်တော့မယ်

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Thursday, December 22, 2011

သမီးလေးရဲ့ မနက်ခင်း

အိပ်ရာကထရင်
အချိန်ပို ၅မိနစ်တောင်းတတ်တယ်
မကြာခင် လေကြောင့်
ပန်းကလေးတစ်ပွင့် ထလာသလို ဒယီးဒယိုင်
အရွက်အခက်တို့ ပွတ်တိုက်မြည်ဟီးလာသလို
မျက်နှာကိုသစ်
ဟိုကြည့်သည်ကြည့်
စပါးစေ့ကလေးတွေကောက်တော့မယ့် ငှက်ကလေးလို
သဘာဝပတ်ဝန်းကျင်ကိုကြည့်
ဖေဖေ
မနက်ခင်းက စိမ်းစိမ်းနော်
သမီးဝတ်ထားတဲ့ ကျောင်းစိမ်းလေးအတိုင်းပေါ့
ဘယ်ကဟုတ်ရမှာလဲ
သမီးတို့လမ်းဖြတ်ကူးရင် စိမ်းပေးရတဲ့
မီးပွိုင့်ကမီးစိမ်းလေးပါတဲ့
ပြီးရင် စပျစ်သီးတွေ အပြွတ်လိုက်တွဲလို
ပိတောက်ပန်းတွေ ပင်လုံးကျွတ်ညွတ်ခိုပွင့်နေသလို
ကျွန်တော့်လည်ပင်းကို တွဲခို
မိုးလင်းတာနဲ့ ငှက်ကလေးတွေကလည်း စကားများပ ဖေဖေ
စာသင်ခန်းထဲက သမီးနဲ့သူငယ်ချင်းတွေ
ဆရာမလာခင် စကားများနေသလို မဟုတ်ဘူးလား
ဘယ်ကလာ
သမီးတို့ မတ်တတ်ရပ် နိုင်ငံတော်သီချင်းဆိုကြနေသလိုပါ
နံနက်ခင်းလမ်းကလေးပေါ်
ကျွန်တော် သမီးကို ဆုံးမသြ၀ါဒပေးမယ်လုပ်တော့
ဖေဖေ
ပန်းကလေး လမ်းကလေး နံနက်ခင်းလေးမွှေးနေတုန်း
သမိုင်းဘာသာသင်တဲ့ သမိုင်းဆရာမကြီး မမောမပန်းနိုင်
သမိုင်းကြီး သမိုင်းကျယ် သင်နေသလိုမလုပ်နဲ့နော်
သမီး ပြန်မအိပ်ချင်တော့ဘူးတဲ့
တစ်စတစ်စ
နေရောင်ခြည်ဝင်လာတော့
အဲဒါ အတန်းပိုင်ဆရာဝင်လာတာ ဖေဖေ
နှင်းကလေးတွေ သစ်ရွက်ကလေးတွေပေါ် အငွေ့ပျံပြေးတော့
သမီးပါးပြင်ပေါ်က သနပ်ခါးလေးခြောက်သွေ့သွားသလိုပေါ့
မေမေ ခေါ်နေပြီ
ကျောင်းတက်ခေါင်းလောင်းကြီးထိုးပြီပေါ့
ဖေဖေ မုန့်ဖိုးပေးတဲ့အခါ
ဟေး...ခနဲအော်
ကျောင်းဆင်းခေါင်းလောင်းကြီး ထိုးပြီဟေ့လို့ဆိုကာ ပြေးထွက်သွား။ ။

ခရမ်းပြာထက်လူ
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၉၄၊ ဇွန်လ၊ ၂၀၀၉ခုနှစ်။)
ဒီရက်တွေမှာ လူကနေမကောင်းဖြစ်တဲ့အပြင်၊ အလုပ်တွေလည်း အရမ်းရှုပ်ပါတယ်။ အစားကောင်းစားရတိုင်း ချစ်သူကို သတိရတတ်တဲ့လူတိုင်းလည်း နေကောင်းဖြစ်ချိန်မှာကိုယ့်မိဘ ကိုယ်အပေါ်မှာ စေတနာနဲ့ပြုစုစောင့်ရှောက်ပေးသူတိုင်းကို သတိရမိကြမှာပါပဲ။ဒီကဗျာလေးကိုဖတ်မိတိုင်း ကိုယ့်ငယ်ဘ၀နဲ့ ဖေဖေကို ပြန်လည်လွမ်းမိတယ်။ ကြည်နူးမိတာ အမှန်ပါ။ အမြဲတမ်းမေးခွန်းတွေနဲ့ အတောမသတ်နိုင်တဲ့ ကျွန်တော့်မေးခွန်းတွေတိုင်းကိုပြန်လည်ဖြေဆိုပေးတတ်တဲ့ ၊ ကျွန်တော်တို့မောင်နှမတွေကို ပျော်စေဖို့ သူ့ကိုယ်သူ ဆင်ကြီးမိုမိုအဖြစ်သူ့နောက်ကျောပေါ်တွင် တက်စီးစေတဲ့၊ ပုံပြင်တွေပြောပြတတ်သောဖေဖေ၊ ရွှေသွေးစာအုပ်ကအစ စာအုပ်တွေကို ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင်သင်ကြားပေးခဲ့သော၊ မိသားစုတာဝန်ကိုကျေသော ကျွန်တော့်ဖေဖေ သက်တော်ရာကျော်ရှည်ပါစေ။ ဖေဖေနဲ့ မေမေကိုကျွန်တော်အရမ်းချစ်ပါ၏။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Tuesday, December 20, 2011

***(စွယ်တော်ရွက်)***





ယာယီအဝေး



ဖြစ်မှဖြစ်ရလေ

စွယ်တော်ရွက်မှ အချစ်တဲ့

တားမြစ်နယ်မြေ ဖြစ်နေပီလား

စွယ်တော်ရွက်ရယ် . . . ။

အသိစိတ်က

ငါ့ကိုတော့ ဟြေပါရဲ့

စိတ်အလိုကြောင့် အပျော်သဘော

အထင်ခံရမယ် . . . ။

ဘယ်ဘက်နဲ့လား နားထင်လား

အချစ်ဆိုတာ သေချာခဲ့ရင်

ငါတစ်ခြမ်းဖြစ်ပါရစေ

နင့် စွယ်တော်ရွက်။

(Kaung Lin Htet)

Sunday, December 18, 2011

တွဲဖက်သရုပ်ဆောင်


(၁)
စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ

ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

(၂)
တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

(၃)
အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

(၄)
သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

(၅)
ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)




အိမ်

Thursday, December 15, 2011

ဖေဖေနဲ့ ဖုန်းပြောခြင်း

ဟလို ဟလို ဖေဖေလား
ကြားရလား သမီးအသံကိုကြားရလား ဖေဖေ
မေမေ အနားမှာရှိလား
ဟင် မေမေလည်း နေမကောင်းဘူး ဟုတ်လား
သမီးလည်း ဖျားနေတယ်
ဟုတ်တယ် ဟုတ်တယ် ၀က်ကလေးဖျားနေတယ်။

ဒီနှစ်ပိုင်းမှာ အပြောင်းအလဲတွေများတယ် ဖေဖေ
လူတွေကိုမပြောင်းလဲပေမယ့်လို့ စိတ်တွေ။
သူတို့ကို ခန့်မှန်းနိုင်တဲ့ ရာသီဥတုအခြေအနေ

အားလုံးက ပြောင်းလဲကုန်တယ် ဖေဖေ။
သမီးကိုရှာတွေ့ဖို့ကျတော့ လူတိုင်းမှာ
မြေပုံအညွှန်းကိုယ်စီ ရှိကြတယ်ဖေဖေရဲ့။

ဒီမှာက ဒီလိုပါပဲ ပျော်စရာဆိုတာ ဘာလဲလို့
ဖေဖေ့ကို ခုပဲ မေးမလို့။
ဘ၀ကတူ ဖြစ်ဖို့ဝေးလို့ ပေ အဖြစ်ထုခံနေရတာကြာတော့
လူတစ်ချို့နဲ့ ဆက်ဆံရေးမှာ ဟိုး....ရိုးတွင်းခြင်ဆီထဲကပါ
စိမ့်နေအောင် လန့်နေတတ်ပြီ ဖေဖေ။

ဟုတ်..ဖေဖေပြောသလိုပါပဲ
သူများပြောတိုင်း မကျေနပ်ချက်တွေရှိရင်
ချက်ချင်းပြန်မပြောမိအောင် ရေအိုးနဲ့တူတဲ့ ခေါင်းထဲကို အသာထည့်ထားပြီး၊
ရွက်ထားတာတွေများများလာတာပဲ အဖတ်တင်တယ်
သမီး အဲ့ဒီရေအိုး ချခွဲပြပြီး တစ်ခုချင်းကို ပြန်ထုတ်ပြီး ဖြေရှင်းဖို့ကျ
အခွင့်အရေး မရခဲ့တာကြာပြီ ဖေဖေရဲ့

ပြောလို့စကား မဆုံးခင် ဖုန်းချတတ်တဲ့သူတွေ
သုံးစက္ကန့်နဲ့ Missed Call ပေးပြီး ပြန်ခေါ်ခိုင်းတဲ့သူတွေ
စကားကို ရှေ့မှာတစ်မျိုး ၊ ကျောပေးတော့ တစ်မျိုးပြောတတ်သူတွေ
ပြုလွယ် ပြင်လွယ်စိတ်ထားနဲ့ အနားနားမှာ ခနနေတတ်သူတွေ
ကတိမတည်တတ်တဲ့ အပေါ်ယံရွှေမှုန်ကျဲဆက်ဆံရေးတွေ
အနေအစားချောင်အောင် ပေါင်းသင်းတတ်တဲ့ သူတွေ
တမင်ကိုယ့်အတွက် ပြင်ထားတဲ့ ထမင်းဝိုင်းတွေနဲ့
ဇွတ်အတင်းကျွေးကြပြီး ကွယ်ရာမှာ အတင်းပြောတတ်သူတွေ
အို....ဖေဖေရယ်....အများကြီးပဲ သိလား
သမီးကြောက်တယ် ဖေဖေ..
သမီး မခန့်မှန်းတတ်တော့ဘူး။

ဟလို ...ဖေဖေ ကြားရလား
ဟုတ်ကဲ့ သမီးပြန်လာမှ သေချာပြောပြဦးမယ်နော်။

ဟလို ဟလို ....
ဖေဖေနဲ့ မေမေ့ကို သမီးအရမ်းချစ်တယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ


ပင်လယ်မှောက်တဲ့လှေ

14 Htoo Eain Thin_ Moe Tain A Kyawng











သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။

မနော်ဟရီ
မုခ မဂ္ဂဇင်း
၂၀၀၁/ ဒီဇင်ဘာ

Tuesday, November 15, 2011

ကာလနဂါး


ကာလနဂါးမှန်းသိအောင်

အမောက်ထောင်ပြခွင့်
မရခဲ့သလို...
နင် နာကျင်စေမှာစိုးလို့
မျက်စောင်းမျှပင်
ငါ မပစ်ခတ်ရက်ခဲ့သူပါ..။
အဆိပ်ရှိပါတယ်
ရေမြွှေတော့မဟုတ်ဘူး
စကားလုံးတွေနဲ့
ခနခန တံတွေးမစင်ချင်တော့
မာနတရားက မီးဟုန်းဟုန်းတောက်နေပြီ
အမျက်ဖြေကာ ထားခဲ့ပါတယ်
မေတ္တာဆိုတာ မပြယ်တတ်သူမို့
ရည်မှန်းကာ လွမ်းမိပါရက်
ဖြေသိမ့်ကာ အားတင်းမိတယ်..
နောက်ဘ၀ဆိုတာ ရှိခဲ့ပါရင်
...................................။
နှစ်ရှည်ကြာအိပ်တတ်သူ(မာနတရားတွေက)
ကာလနဂါးပေမယ့်
ချစ်သူ့အပေါ်မျက်စောင်းမျှမထိုးရက်ခဲ့သူ..ငါ
နဂါးပီသအောင်တော့
ခု .. အမောက်ထောင်ချင်တယ်။

ချစ်တဲ့

✎❑уaйaит cно❒ ヅ