"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, May 31, 2012

မိုးတွေကြွေနေတဲ့ မေ၃၁


ကိုယ့်စိတ်တွေ လေနေတဲ့ မေ၃၁

ကိုယ့်ရင်ထဲကို ဘယ်သူဝင်ပြီးတော့ ခံစားနိုင်မလဲ

နားလည်စေချင်တယ် ကိုယ့်အချစ်တွေ မင်းရဲ့အနားမှာ

အမြဲရှိနေပါတယ် ကိုယ့်အချစ်တွေ♥♥♥

Tuesday, May 29, 2012

ချစ်ခြင်းမေတ္တာ၏ ကိုယ်ကျင့်တရား (Ethic of Love)



လူတစ်ယောက်ဟာ ချမ်းသာတဲ့ ဘ၀တစ်ခုကို ရဖို့ အတွက် အကျင့်စရိုက်ကောင်းတွေကို ကျင့် ကြံ အားထုတ်ဖို့  လိုပါတယ်တဲ့။ ဥပမာ- ရိုးသားမှု ဆိုပါတော့။ တစ်ကြိမ် မှန်ရာကို ပြောရုံနဲ့  ရိုးသားတဲ့ လူတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူး။

ဘ၀ တလျှောက်လုံး မှန်ရာကို ပြော၊ မှန်ရာကို လုပ်တဲ့သူမှသာ ရိုးသားတဲ့သူ ဖြစ်လာနိုင်ပါ တယ်။ ရိုးသားတဲ့သူတစ်ယောက် ဟာ မမှန်တဲ့ အလုပ်တွေကို လုပ်မိလို့  နောင်တရ ပူပန်ခြင်း တွေ မဖြစ်ရတော့ ချမ်းသာရတယ်တဲ့။
ချမ်းသာအောင် ကိုယ်တိုင် ကျင့်ရမယ့် တရားမို့  ကိုယ်ကျင့်တရားလို့  ဆိုပါတယ်။

အကယ်၍ ချစ်ခြင်း မေတ္တာဆိုတာ ဘ၀တစ်လျှောက်လုံး ကျင့်ကြံ အားထုတ်ရမဲ့ တရားတစ်ခု၊ အဲဒီလို ကျင့်ကြံ အားထုတ်လို့  ဘ၀တစ်သက်တာ စိတ်ချမ်းသာမှုကိုလည်း ပေးနိုင်မယ့် တရား တစ်ခု ဆိုရင် ချစ်ခြင်းမေတ္တာကလည်း ကိုယ်ကျင့်တရား ဖြစ်နိုင် ပါတယ်။

“မြင်မြင်ချင်းပဲ ချစ်မိတယ်” ဆိုတဲ့ စကားအရတော့ ချစ်ခြင်းမေတ္တာ ဆိုတာ သဘာဝ အလျောက် မွေးဖွားလာသလိုပဲ။ ကျင့်ယူ ရတဲ့ တရားဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ တော့ မနီးစပ် သလို ဖြစ်နေပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ ကျင့်ယူရမယ့် တရားတစ်ခုပါ။ မြင်မြင်ချင်း ချစ်နိုင်တာကိုက အတိတ် ကာလတွေက ပါရမီဖြည့်ခဲ့ကြတဲ့ အကြောင်းဆက်တွေကြောင့် ဖြစ်လာတာပါ။ ‘နဖူးစာ’ တို့  ‘ရှေးရေစက်’ တို့ ဆိုတဲ့ အသုံးအနှုန်းတွေက ကာလ ကြာရှည် အားထုတ်ခဲ့ရာမှ ရလာတဲ့ ရလာဒ်လို့ ရည်ညွှန်းနေပါတယ်။

ချစ်နိုင်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တတ်ဖို့ လည်း ကျင့်ယူရတာပါ။ ချစ်တော့ ချစ်ပါရဲ့ ကိုယ့်ရဲ့ မေတ္တာတရားကို မဖော်ပြတတ် ရင် သူတစ်ပါးကို ဒုက္ခပေးသလို ဖြစ်ပြီး အချစ်ခံရလို့  တောင် စိတ်ညစ်စရာ ဖြစ်သွားနိုင်ပါတယ်။ ကိုယ်လည်း စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။

ချစ်လွန်းလို့  အရိပ်ကြည့်နေတာဟာ မကြည့်တတ်ရင် သူများကို ချုပ်ချယ်ရာ ကျမှာ။ ချစ်လွန်းလို့  ဖူးဖူးမှုတ်ထားတော့ ရောင့်တက်မှာ။ ချစ်လွန်းလို့  အလိုလိုက်ထားတော့ ပျက်စီးမှာ။ အချစ်ကြီးလို့  အမျက်ကြီးတော့ ဒုက္ခရောက်မှာ။

မေတ္တာစစ်နဲ့  ချစ်တတ်ဖို့ ရော၊ နည်းမှန် လမ်းမှန်နဲ့  ချစ်တတ်ဖို့ ရော ကျင့်ယူမှ ရပါတယ်။ မေတ္တာစစ်နဲ့  ချစ်နိုင်ရင် တကယ် လည်း စိတ်ချမ်းသာပါတယ်။ ချစ်ခြင်း မေတ္တာဆိုတာ စိတ် ချမ်းသာဖို့  ကျင့်ရတဲ့ တရားတစ်ခုပါ။

စိတ်ချမ်းသာတဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ပြောရင် စိတ်မချမ်းသာရတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းကိုလည်း ပြောပြဖို့  လိုမယ် ထင်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ မိတ်ဘက်တွေ ရှိပါ တယ်။

ချစ်ခြင်းမေတ္တာနဲ့  ကရုဏာတွေ၊ မုဒိတာတွေ၊ သစ္စာတရားတွေ ပေါင်းဖက်မိကြတယ် ဆိုပါ တော့။ ချစ်ရတဲ့အတွက် သနားတဲ့၊ ကြင်နာတဲ့၊ ညှာတာတဲ့၊ အနစ်နာခံတဲ့၊ ခွင့်လွှတ်နိုင်တဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ချမ်းသာရတာပါ။

ချစ်ခြင်းမေတ္တာနဲ့ ဒေါသတွေ၊ မောဟတွေ၊ မာန်မာနတွေ၊ မစ္ဆရိယတွေ၊ အတ္တတွေ ပေါင်းဖက် မိကြတယ် ဆိုပါတော့။ ပူပင်ရတဲ့၊ ဆုံးရှုံးရမှာ ကြောက်တဲ့၊ မနာလိုတဲ့၊ ၀မ်းနည်းတဲ့၊ ပူဆွေးတဲ့၊ နာကြည်းတဲ့၊ အငြိုးကြီးတဲ့ စိတ်တွေ ဖြစ်ပြီး စိတ်ဆင်းရဲ ရမှာပါ။

တချို့ ကလည်း ပြောကြတယ်။ ၅၂၈ က အေးချမ်းတယ်။ ၁၅၀၀ မို့  ပူလောင်တယ်တဲ့။ ကိန်းဂဏန်းတွေကို ရေတွက် မပြချင်ပါ။

မိဘ မောင်နှမသားချင်းတွေဟာလည်း လူသားတွေမို့  ဒေါသ၊ လောဘ၊ မောဟ၊ မာန်မာန အမှားတွေ ရှိနိုင်ပါတယ်။ လင်မယားချစ်၊ သမီးရည်းစားချစ်မှာလည်း အကြင်နာတွေ၊ ဂရု ဏာတွေ၊ မြတ်နိုးတာတွေ၊ စေတနာတွေနဲ့  ထုံမွှမ်းထားရင် စိတ်ချမ်းမြေ့တဲ့ ဘ၀ကိုရမှာပါ။

ကိုယ့်ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘာနဲ့ ပေါင်းစပ်ပေးမလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ် ချက်ပါပဲ။ အမှန်ကတော့ လူတစ်ယောက်ကို ချစ်နိုင်တယ်ဆိုတာနဲ့ တင် ၀မ်းသာဖို့  ကောင်းနေပါပြီ။ (ကိုယ် မချစ်နိုင်တဲ့သူ တွေကို ရေတွက်ကြည့်ပါ။)

ချစ်တယ်ကို ချစ်တယ်လို့  မတွေးပဲ တခြားဟာတွေပါ လျှောက်တွေးနေလို့ သာ စိတ်က မငြိမ်း ချမ်းနိုင်တာပါ။

မေတ္တာတရား ရှာပုံတော် ဖွင့်နေသူတွေ အတွက်ပါ။ ကမ္ဘာပတ်ပြီး ရှာဦးတော့ မေတ္တာတရားကို တွေ့ ချင်မှ တွေ့ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာတရားက ကိုယ့်နှလုံးသားထဲမှာပဲ ရှိနေလို့ ပါ။

ကိုယ့်ကို စိတ်ချမ်းသာမှု ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာဟာ တစ်ပါးသူတွေရဲ့ နှလုံးသားကများ လာမှာလားလို့  မျှော်လင့်နေရင် လည်း မျှော်တော်ဇောနဲ့  မောနိုင်ပါတယ်။ သူများက ကိုယ့်ကို ချစ်တယ်ဆိုတာ ၀မ်းသာစရာပါ။ ဒါပေမဲ့ ပြင်ပ အကြောင်းတရား ကြောင့် ချမ်းသာရတယ် ဆိုတာ (instrumental good) ကိုယ် ဖန်တီးနိုင်တဲ့ အရာ မဟုတ်လို့  မသေချာပါ။

တကယ်တော့ ချစ်ခြင်း မေတ္တာမှာ ပင်ကို ချမ်းသာမှုသဘော (intrinsic good) ရှိပြီးသားပါ။ ကိုယ်မွေးမြူနိုင်လို့  ကိုယ့်နှလုံး သားထဲမှာ ချစ်ခြင်း မေတ္တာကိန်းအောင်းလာပြီ ဆိုရင် အလို လိုကို စိတ်ချမ်းသာရပါတယ်။ ဘာအကြောင်းနဲ့  မှ မပျက်စီးနိုင်တဲ့ ချမ်းသာမှုပါ။

ကိုယ်ကျင့်တရား စံချိန်မှီတဲ့ ချစ်ခြင်းမေတ္တာ အကြောင်းတွေ ကြီးကြီးကျယ်ကျယ် လျှောက် ပြောနေလို့  ကျွန်မကိုတော့ ဟုတ် လှပြီလို့  မထင်ပါနဲ့ ။ သဘောတရားတွေကနေ လက်တွေ့  ကို ကူးပြောင်းရတဲ့ ကိစ္စဟာ လွယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် လက်တွေ့ မှာ ချစ်ခြင်းမေတ္တာ အရေခြုံတဲ့ မနာလိုမှုတွေ၊ ပိုင်ဆိုင်ချင်တဲ့ လောဘတွေ၊ ဆုံးရှုံးမှာ ကြောက်တဲ့  သောကတွေ၊ လိုတာ မရတဲ့ ဒေါသတွေ၊ ၀မ်းနည်း ပူဆွေးမှုတွေ၊ နာကြည်းမှုတွေ၊ အညှိုးထားမှုတွေ၊ မာနတရားတွေနဲ့  လုံးလည် ပတ်ချာ လိုက်နေဆဲပါပဲ။

ဒီလိုဆိုရင် မေတ္တာစစ်ဆိုတာ မမှီတဲ့ပန်းလို့  လက်လျှော့ သွားချင်စရာ ဖြစ်ပါတယ်။ ချစ်ခြင်း မေတ္တာတွေရော၊ ဆိုးညစ်တဲ့ စိတ် ဓါတ်တွေရောဟာ စိတ်ထဲကပဲ ဖြစ်လာတာမို့  ကိုယ့်စိတ် ကလေးကို ပြင်သွားရင် တဖြည်းဖြည်း မေတ္တာစစ်နဲ့  နီးစပ်လာမယ် ထင်ပါတယ်။
လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ စိတ်ဓါတ် လွန်ဆွဲပွဲပေါင်း များစွာကိုတော့ ဖြတ်သန်းရမှာပါ။

ဒါပေမဲ့ မကြောက်ပါနဲ့ ။ လျှော့လည်း မလျှော့ပါနဲ့ ။ နောက်ဆုံးမှာ မေတ္တာတရားက အမြဲ အနိုင်ရပါတယ်။

အခွင့်အလမ်းဂျာနယ် မှ ကူးယူဖော်ပြပေးလိုက်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ ပျော်ရွှင်သော ကိုယ်စီဘ၀တွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ...။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Monday, May 28, 2012

***သင် မအောင်မြင်ရခြင်း အကြောင်းရင်း (၆)ချက်***

ဘ၀ဆိုတာ ရှာဖွေခြင်းပါပဲ။ ဘာကိုရှာဖွေတာလဲလို့  မေးရင် ကိုယ် လိုချင်တာကို ရှာဖွေ ခြင်းပါပဲ။ လူတိုင်း မိမိ စိတ်အားထက် သန်ရာ စိတ်ဆန္ဒရှိရာ အလိုဆန္ဒတွေနောက် တ ကောက်ကောက်ပါအောင် လိုက်လံ ရှာဖွေရင်း ဘ၀ကို ဖြတ်သန်းနေကြပါ တယ်။ ဒီအထဲ က အောင်မြင်မှုဆိုတာ သင်ရှာဖွေနေတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လို ဘယ်ပုံ ရှာဖွေသင့် တယ်ဆိုတာ နည်းလမ်းကောင်းလေး ပေးချင်ပါတယ်။

အောင်မြင်မှု လမ်းကြောင်းနောက် ရှာဖွေနေတဲ့သူဟာ သီအိုရီအရ ပြောမယ်ဆိုရင် မ အောင်မြင်သေးတဲ့သူလို့  ပြောရပါမယ်။ ဘာကိုဆိုလိုတာဆိုတော့ မအောင်မြင်တဲ့ အကျင့် စရိုက်တွေနဲ့  အတူနေထိုင်ပြီး အောင်မြင်မှုကို ရှာဖွေနေလို့  အောင်မြင်မှုဟာ နီးရက်နဲ့ ဝေး နေတာပါ။ ဒါကြောင့်ကိုယ့်မှာ အရင်ဆုံး အောင်မြင်မှုနဲ့  အလှမ်းဝေးစေနိုင်တဲ့ အကျင့် စရိုက် တွေ ရှိမရှိ အရင် သုံးသပ် စစ်ဆေးရမှာ ဖြစ်ပါတယ်။

ဘယ်အချက်တွေက သင့်ကို အောင်မြင်မှုနဲ့  ဝေးကွာစေသလဲဆိုရင်

(၁) အရှုံးသမားများနှင့်ပေါင်းဖော်ခြင်း




မြန်မာ စကားပုံ ရှိပါတယ်။ “မုဆိုးနားနီး မုဆိုး၊ သူကောင်းနားနီး သူကောင်း” ဆိုတဲ့စကား။ အဲဒီစကားအတိုင်းပဲ လောကမှာ ကိုယ်ပေါင်းတဲ့လူရဲ့ အကျင့်စရိုက်၊ အမူအကျင့်တို့ ဟာ ကူးစက်တတ်တဲ့ သဘောရှိပါတယ်။ ဘ၀မှာ အောင်မြင်ချင်တဲ့သူဟာ ကိုယ့်ထက် တော်တဲ့ သာတဲ့သူနဲ့  ပေါင်းမှ ကိုယ်ပါတော်လာမှာ ဖြစ်ပါတယ်။ ကိုယ်က အောင်မြင်ချင်တယ် ပြောပြီး ကိုယ် ပေါင်းတဲ့သူက ကိုယ့်လောက်မှ မတော်ရင် ဘယ်နှယ့်လုပ် အောင်မြင် နိုင်ပါ့မလဲ။ ဒါကြောင့် အပေါင်းအဖော်ဟာ သင် အောင် မြင်ဖို့ အတွက် ဘယ်လောက် အရေးပါသလဲဆိုတာ မမေ့ပါနဲ့ ။ အရှုံးသမားနဲ့  ပေါင်းဖော်ခြင်းဟာ သင့်အတွက် ဘာ ကောင်းကျိုးမှ မရရှိစေတဲ့အပြင် သူတို့ ဆီက မကောင်းတဲ့ အကျင့်စရိုက်တွေ၊ မကောင်းတဲ့ အကြံဥာဏ်တွေ ရရှိလာစေပါတယ်။


(၂) ဘာလိုချင်မှန်း သေချာမသိခြင်း

လောကမှာ ကိုယ်ဘာလိုချင်လဲဆိုတာ သေချာမသိပဲ အသက်ရှင်နေတဲ့သူတွေ အများကြီး ပါ။ များသောအားဖြင့် လူငယ်တွေ ပြောလေ့ရှိတာက ချမ်းသာချင်တယ်။ သူဌေး ဖြစ်ချင် တယ် ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်လောက် ချမ်းသာချင်တာလဲ။ ဘယ်လိုလုပ် ပြီး ချမ်းသာ ချင်တာလဲ။ နောက်ရှိသေးတယ်။ ချမ်းသာချင်တယ် ပြောပြီး အိမ်မက်အဆင့် စိတ်ကူး အဆင့်ကနေ မတက်တော့ တဲ့သူတွေ အများကြီးပါပဲ။ ဒီတော့ ကိုယ်လိုချင်တာကို အရင် ဆုံး သေချာသိအောင်လုပ် စိတ်ထဲက လိုအင်ဆန္ဒ ပြတ်သားမှ Action က ပြတ်ပြတ်သား သား လုပ်ဆောင်နိုင်မှာပါ။

(၃) ရှိသမျှ အကုန်လိုချင်ခြင်း

လောကမှာ အကုန်လိုချင်လို့  မရပါဘူး။ အကုန်ဖြစ်ချင်လို့ လည်း မရပါဘူး။ ဟိုဟာလည်း ဖြစ်ချင်တယ်။ ဒီဟာလည်း ဖြစ်ချင် တယ် ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မျောက် သစ်ကိုင်းလွတ်သလို အကုန်လွတ်ကုန်ပါလိမ့်မယ်။ ဖြစ်ချင်တာ များတဲ့ သူဟာ ဘာမှ ပေါက်ပေါက်ရောက်ရောက် ဖြစ်မလာတာများပါတယ်။ ဒီတော့ ကိုယ်ဟာ ဖြစ်ချင်တာတွေ များတဲ့သူလား။ ဖြစ် ချင်တာတွေ များနေရင် အရင်ဆုံး ဘယ်ဟာကို အဖြစ်ချင်ဆုံးလည်း ဆိုတာ စစ်တမ်းကောက်ကြည့်ပြီးမှ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တစ်ခုထဲနောက် တစိုက်မတ်မတ် လိုက်တာဟာ အောင်မြင်မှုနဲ့  နီးစပ်ပါတယ်။

(၄)ဥုံဖွ နည်းလမ်းလိုက်ခြင်း

အောင်မြင်မှုကို ရှာဖွေတဲ့ နေရာမှာ ဥုံဖွ ဆိုပြီး ရုတ်ချည်း အောင်မြင်တဲ့ နည်းလမ်းရယ်လို့  မရှိပါဘူး။ ကိုယ်က ခု ရေတွင်းတူး၊ ခု ရေကြည်သောက်ချင်လို့ မဖြစ်ပါဘူး။ လောကမှာ ကြီးမြတ်တဲ့ အရာမှန်သမျှ ကြီးမြတ်တဲ့ ပေးဆပ်မှု မရှိပဲ အလကား မရဘူးဆိုတာ နားလည် ထားရပါမယ်။ လောကမှာ သူ့ ဈေးနှုန်းနဲ့  သူက ရှိပြီးသားပါ။ တစ်ကျပ်ဖိုး အောင်မြင်ချင် ရင် တစ်ကျပ် ဖိုး ကိုယ်က ပေးဆပ်ရပါမယ်။ တစ်ထောင်ဖိုး အောင်မြင်ချင်ရင် တစ်ထောင် ဖိုး ပေးဆပ်ရမှာပါ။ လောကမှာ အလကား ဘယ် ဟာမှ မမျှော်လင့်ပါနဲ့ ။ အလကားလည်း မလိုချင်ပါနဲ့ ။

(၅) မိမိကိုယ်ကို အထင်ကြီးခြင်း

ဘယ်ပညာရှင်ကမှ မိမိကိုယ်ကို ငါတော်လှပြီ၊ တတ်လှပြီလို့  မကြွေးကြော်တတ်ပါဘူး။ အဆံ မရှိတဲ့သူတွေသာ အာချောင် တတ်ကြတာပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ် တော်လှပြီ တတ်လှပြီလို့  ဆိုပြီး ပြိုင်ဘက်မရှိတဲ့သူလို့  မထင်လိုက်ပါနဲ့ ။ သင်ယူ စရာတွေ မရှိတော့ ဘူး လို့ လည်း မထင်လိုက်ပါနဲ့ ။ သင်ယူမှုတွေ ရပ်တန့် လိုက်တဲ့နေ့ ဟာ သင်ကျဆုံးတဲ့နေ့ ပါပဲ။ နေ့ တိုင်း ကို သင်ယူမှု အသစ်တွေနဲ့  အစပျိုးသင့်ပါတယ်။ အောင်မြင်နေတဲ့သူတိုင်း ဟာ အဆက်မပြတ် သင်ယူနေကြသလို အောင်မြင် ချင်တဲ့သူတိုင်းဟာလည်း မိမိကိုယ်ကို ကိုယ် သင်ယူမှု ပြီးဆုံးပြီလို့  မသတ်မှတ်ပဲ အဆက်မပြတ် လေ့လာ ဆည်းပူးနေသင့်ပါ တယ်။ မိမိကိုယ်ကိုကိုယ် အထင်ကြီးတာဟာ ကျဆုံးခြင်းပါပဲလို့  ပညာရှိများက ဆိုကြ ပါတယ်။ ဘယ်ပညာရှိကမှ မိမိကိုယ်ကို အထင်မကြီးဘူး။ မိမိကိုယ်ကို ယုံကြည်မှု ရှိတာနဲ့  ကိုယ့်ကိုကိုယ် အထင်ကြီးဖို့  မကြိုးစားပါနဲ့ ။ ယုံကြည်မှု ရှိအောင်ပဲ ကြိုးစား သင်ယူမှုကို ဘယ်သောအခါမှ အဆုံးမသတ်လိုက်ပါနဲ့ ။

(၆) ရေတိုပဲကြည့်ခြင်း

အောင်မြင်ဖို့ ရေတိုပဲ ကြည့်တတ်တယ်ဆိုရင်တော့ ရေရှည် အောင်မြင်ဖို့  မဖြစ်နိုင်ပါဘူး။ တချို့ လူတွေ ရှိတယ်။ ဒီနေ့  ချမ်းသာပြီး နောက်နေ့  ကုန်းကောက်စရာမရှိအောင် ဆင်းရဲ သွားတာလေ။ ဒီဥပမာက လောကမှာ ရေတိုကြည့်တဲ့သူနဲ့  ရေရှည်ကြည့်တဲ့သူ ဘာကွာ ခြားသွားသလဲဆိုတော့ ရေရှည်မှာ ရေရှည်ကြည့်တဲ့သူက ရေရှည် အောင်မြင်သွားပြီး ရေတို ကြည့်တဲ့သူက ရေတိုပဲ အဆင်ပြေသွားကြပါတယ်။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ရေရှည် ရည်မှန်းချက်၊ ရေရှည် စီမံကိန်းဆိုတာ ရှိစမြဲပါပဲ။ ဒါကြောင့် သင့်မျက်စိကို မျက်စိတဆုံး ကြည့်တတ်ဖို့ လိုလိမ့်မယ်။

ဒါတွေဟာ အောင်မြင်မှုကို ရှာဖွေတဲ့သူတွေအနေနဲ့  ဖြစ်လေ့ဖြစ်ထ ရှိတဲ့ပုံစံပါ။ အောင်မြင် မှုကို ခါးကြားထိုးပြီး ရှာနေတာ မဖြစ်ရအောင် အရင်ဆုံး မိမိ ဘာကြောင့် မအောင်မြင်သေး လဲဆိုတာ ဆန်းစစ်ကြည့်ပါ။ အောင်မြင်ချင်တယ်ဆိုရင် အောင်မြင် ခြင်းကို မရမက အရ ယူနိုင်ဖို့  နည်းလမ်းကောင်းလေးတွေ ဝေမျှရင်း မိမိစိတ် ပြင်းပြရာ အောင်မြင်မှုကို လက်ဝယ် ပွေ့ ပိုက်နိုင် ကြပါစေ။
8 Days Journal မှ ကူးယူပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ

အိမ်တွင်း အသားအရေကုထုံး

**အသားအရေလေး ချောမွေ့ ကြည်လင်စေချင်ရင်**

လက်ဖက်ခြောက်ကို ရေနွေး ပွက်ပွက်ဆူ ခတ်သောက်ပြီးရင် သွန်မပစ်လိုက်ပါနဲ့ အုံး။ ရေနွေး ကြောင့် ပျော့ပျောင်းလာတဲ့ လက်ဖက်ရွက်လေးတွေကို ကွမ်းသီးလုံး တစ်လုံးစာလောက် စုလုံး လိုက်ပြီး အအေးခံ ထားပါ။ ရေခဲသေတ္တာ ရှိရင် ပန်းကန် လုံး တစ်ခုထဲ ထည့်ပြီး အအေးခံ ထားပါ။ အေးမြလာတဲ့ လက်ဖက်ခြောက် ပျော့ဖတ်လေးတွေကို မျက်နှာ အနှံ့ အပြား ပွတ်သပ် ပေးပါ။ အသားထဲ စိမ့်ဝင်သွားအောင် တို့ ပြီး ပွတ်သပ်နေစဉ် ကြည်နူး အေးမြတဲ့ အရသာကို ခံစားနိုင်မှာပါ။

လက်ဖက်ဟာ အကောင်းဆုံး အင်တီအောက်ဆီးဒင့်ထဲ ပါဝင်သလို သင့် အရေအပြားကို ချောမွေ့ ကြည်လင်စေပါတယ်။ နေ့  စဉ်မှန်မှန် လုပ်ပါက အကျိုးထူးလာတာကို တွေ့ ရမှာ ဖြစ်ပါတယ်။ မျက်နှာအပြင် လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ ကိုပါ လုပ်ပေး နိုင်ပါ တယ်။ ထိခိုက် ခံစားလွယ်တဲ့ ဓါတ်မတည့်တဲ့ အရေပြား ပိုင်ရှင်များအတွက် အကောင်းဆုံး နည်း ဖြစ်ပါတယ်။

**အသားအရေ သန့် ရှင်း စင်ကြယ်နေစေချင်ရင်**

နေ့ စဉ် သွားလာ လှုပ်ရှားနေရတဲ့ အမျိုးသမီးတွေဟာ ပတ်ဝန်းကျင် လေထုထဲက ညစ်ညမ်း မှုတွေကြောင့်နဲ့  လိမ်းကျံရတဲ့ မိတ်ကပ် အကြွင်းအကျန်တွေကို သန့် ရှင်းပစ်ဖို့  အမြဲ လိုအပ်ပါ တယ်။ ဒါကိုတော့ အမျိုးသမီးတိုင်း ဂရုပြုလာတာမို့ လို့  အထူး ပြောစရာ မလိုပေ။ အရေပြား ကိုလည်း အာဟာရဓါတ် ပေးသလို တည်ငြိမ်သန့် စင်စေကာ အရေပြား ကလပ်စည်း ဟောင်း တွေ ကွာကျနိုင်အောင်လည်း လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကတော့ ပျားရည် စစ်စစ် လက်ဖက်စားဇွန်း ၃ဇွန်း၊ သဘာဝ ဒိန်ချဉ် လက်ဖက်စားဇွန်း ၂ဇွန်း၊ ဂျုံမှုန့်  ရေခဲမှုန့် ခပ် ယောက်ချို တစ်ဂေါ်စာတို့ ကို ခပ်ပျစ်ပျစ် စေးစေးလေး နယ်ဖပ် ရောမွှေပြီး ခရမ်လို ဖြစ်လာရင် မျက်နှာပေါ်မှာ အနှံ့ အပြား လိမ်းပေးပါ။ လက်မောင်းသားလေးတွေကိုလည်း လိမ်းပေးနိုင်ပါ တယ်။ နာရီဝက် လိမ်းထားပြီးရင် ရေကြက်သီး နွေးနွေးလေးနဲ့  ဆေးကြောပေးပါ။

**၀က်ခြံဖုတွေပေါက်လို့  စိတ်ညစ်နေရင်**

မျက်နှာပြင် တစ်ခုလုံး အဖုတွေထွက်၊ နီရဲနေပြီဆိုရင် အမျိုးသမီးတိုင်း မှန်ကြည့်ပြီး အားမလို အားမရ ဖြစ်ရပါတယ်။ စိတ်လည်း ညစ်ရပါတယ်။ ဒါဆိုရင် ဘာမှ ထပ်မလူးတော့ပဲ ရေကြက် သီးနွေးလေးနဲ့ မနက် တစ်ကြိမ်၊ နေ့ လည် တစ်ကြိမ်၊ ည တစ်ကြိမ် သေချာ သစ်ပေးပါ။ အဆီပါတဲ့ အလှကုန်တွေ အကုန် ရှောင်ပါ။ စိတ်ဖိစီးမှု နည်းအောင်နေပါ။ ဟာသကားတွေ ကြည့်ပေးနိုင်ပါတယ်။ စနေနေ့  သတင်းအပြီးမှာ လူရွှင်တော်တွေရဲ့ လူရွှင်တော် ရွှေဖလား လွှင့်ပေးနေပါတယ်။

**မျက်နှာ အသားအရေ စိုပြည် အေးမြစေရန်**

ရာသီဥတု ပြင်းထန်လို့  မျက်နှာလေး အေးမြနေစေရန်နဲ့  အသားအရေ စိုပြေနေစေဖို့  လိုပါ တယ်။ အဲဒီအတွက် လွယ်ပါတယ်။ နွားနို့ အေးအေးလေးထဲမှာ ဖလံနယ်စ သန့် သန့် လေး နှစ်လိုက်ပြီး မျက်နှာလေး အနှံ့  နဖူးလေးတွေကိုပါ တို့ ပေး ပွတ်ပေးပါ။ အဲဒီလို တို့ ပေးပြီး မိနစ် ၂၀လောက် လေသလပ် ထားလိုက်ပါ။ နွားနို့ ထဲမှာပါတဲ့ သဘာဝ လက်တစ် အက်ဆစ် ဓာတ်က သင့်အသားအရေကို ချောမွေ့ လာစေပြီး အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေး ပါလိမ့် မယ်။

**အောက်မျက်ခွံ တွဲကျနေလို့  စိတ်မညစ်ပါနဲ့ **
ညက အိပ်ရေးပျက်လို့  မျက်ခွံကြီးတွေ မို့ နေတာပဲ ဖြစ်ဖြစ်၊ အသက်အရွယ်ရလာလို့  အောက် မျက်ခွံအိတ်လေးတွေ တွဲလာလို့  ပဲဖြစ်ဖြစ် စိတ်ညစ်စရာ မလိုပါ။စတီးဇွန်း လက်ဖက် စားဇွန်း ငယ်လေးတွေကို ရေခဲသေတ္တာခန်းထဲ မိနစ်အနည်းငယ်ကြာအောင် ထည့်ထားပြီး ထုတ်ယူပါ။ ဇွန်းရဲ့ ခုံးနေတဲ့ မျက်နှာပြင်ကို မို့ ပြီး တွဲနေတဲ့ မျက်ခွံပေါ် ကပ်တင်ပေးလိုက်ပါ။ ပြေလည် သွားတာ တွေ့ ရပါမယ်။
Health Digest Journal ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းစွာနဲ့ ပျော်ရွှင်သော ကိုယ်စီဘ၀တွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ...။
ချစ်တဲ့
✎❑уaйaит cно❒ ヅ