သင်္ကြန်ရောက်တော့မယ်ဆိုရင် စိတ်ကပဲ ထင်နေလို့လားမသိပါဘူး။ ရောက်နေတဲ့အရပ်မှာ တိုက်တဲ့ လေ၊ ရွာတဲ့ မိုး သူ့ဘာသာ သဘာဝအတိုင်း ဖြစ်နေတာတွေအားလုံးက မြန်မာပြည်က သင်္ကြန်နဲ့ ဆက်စပ်လို့နေတယ်။ နေ့ခင်း ဘက်ဆို အခန်းဘေးက တောအုပ်လေးထဲက တစ်ကောင်တည်းသော ဥသြငှက်လေးရဲ့ ဆွေးမြည့်ဖို့ကောင်းတဲ့ အသံလေးရယ်၊ ကားလမ်းမဘက်ကနေ တောအုပ်လေးကိုဖြတ်လာတဲ့ လေနုအေးက အခန်းပြတင်းမှာ ရပ်ပြီးနေတဲ့ ကျွန်တော်နားရောက်လာတော့ သင်္ကြန်နားနီး ရနေကျ မြန်မာပြည်က နွေနေ့ခင်း သင်္ကြန်လေနုအေးလိုမျိုး အေးမြနေသယောင်။ ကြည့်နေရင်းကနေ သစ်ရွက်လေးတွေ ဝေ့၀ဲပြီး ကြွေကျလာတာကိုက အညာနွေရဲ့ သရုပ်လို စိတ်ကထင်ပြန်တော့ အော် ခက်လိုက်တဲ့ ဒီစိတ်ရယ်လို့ မောင်းမထုတ်ရက်ခဲ့ဘူး။ သင်္ကြန်ကို လွမ်းတာထက် အိမ်ရနံ့သင်းနေတဲ့ သင်္ကြန်နေ့ရက်တွေကို ပိုလွမ်းတယ်ဆို ပိုမှန်မယ်။ အိမ်မှာက ကျွန်တော်နဲ့ အမေက သင်္ကြန်မှာ ဘာမှ မည်မည်ရရ မပျော်တတ်ပေမယ့် အိမ်မှာ ရှိတဲ့ လူကုန်ကတော့ သင်္ကြန်ဆို အချိန်တွေကို ဒီအတိုင်း မဖြတ်သန်းစေရ။ သူတို့ အစီအစဉ်နဲ့သူတို့ အကွက်ကိုစေ့နေရောပါပဲ။ ကျွန်တော်နဲ့ အမေက သူတို့လည်ပတ်ပြီးပြန်လာရင် ချမ်းချမ်းနဲ့ စားဖို့ရန် သင်္ကြန်မတိုင်ခင်က ကြိုဝယ်စုထားတဲ့ ငါးရံ့ခြောက်နဲ့ သင်္ကြန်ထမင်းတစ်မျိုး၊ ကြာဇံဟင်းခါးတစ်မျိုးနဲ့ အမည်စုံအောင် ကျွေးဖို့ အလုပ်ရှုပ်တဲ့နေ့တွေပေါ့ အဖေနဲ့ သူ့သူငယ်ချင်းတွေကတော့ ပုပ္ပါးတောင်ပေါ်ရွာဘက်သွားလိုက် ပြန်ဆင်းလာလိုက်နဲ့ ပျော်နေတာပဲ။ သင်္ကြန်ဆို အနေတည်တဲ့ အဖေက တကယ့် သင်္ကြန်မင်းသားပုံစံ။ အရမ်းတက်ကြွနေတာပဲ။
ငယ်ငယ်ကတော့ အဖွားတို့ အိမ်ရှေ့မှာ အုန်းလက်ထိုးတယ်။ ကျွန်တော်တို့က သင်္ကြန်အကြိုနေ့ရောက်ပြီဆိုကတည်းက ရေပက်ချင်ပေမယ့် အဖွားက လေနတ်သားနဲ့ နေနတ်သား ဆိုလားမသိဘူးရယ်။သူတို့ကို စောင့်ရသေးတယ်ဆိုပြီး တန်းမပတ်ရသေးဘူ။ အကြိုနေ့မှာ တိုက်မယ့် လေ၊ နေစတာတွေကို စောင့်ရသေးတယ်ဆိုပြီး မနက် ၁၁နာရီခွဲလောက်မှ ပက်ခိုင်းတတ်တယ်။ စည်ပိုင်းလေးတွေ ချပြီး အဖေ၀ယ်ပေးတဲ့ သင်္ကြန်ရေပွတ်တို့ ရေခွက်ဆင်တူလေးတွေနဲ့ အမေ၀ယ်ပေးတဲ့ သင်္ကြန်ပန်းကုံးလေးတွေဆင်တူနဲ့ မောင်နှမတတွေ အသားတွေ နှုတ်ခမ်းတွေပြာတဲ့အထိ ကစားကြခဲ့တာပေါ့။
သင်္ကြန်တွင်းဆို ကျွန်တော်တို့တတွေ အ၀တ်အစားသစ် ၂စုံစီရလေ့ရှိတယ်။၁စုံကသင်္ကြန်လည်ပတ်ရင်ဝတ်ဖို့နဲ့ နောက်တစ်စုံက နှစ်ဆန်းတစ်ရက်နေ့ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်း လောင်းပွဲမှာ ၀တ်ဖို့ရယ်။ ပထမတုန်းကတော့ မောင်လေးနဲ့ ကျွန်တော် အမြဲ ဆင်တူ။ နောက်ပိုင်း ညီမလေးတွေရှိလာတော့ ညီအစ်မတတွေက ဂါဝန်ဆင်တူလေးတွေနဲ့ မောင်လေးကတော့ အရောင်ပဲ တူတော့တယ်။ နေ့ခင်းနေပူလာချိန် ၁၂နာရီကနေ ၂နာရီလောက်ထိ အိမ်ကလူကြီးတွေက အတင်းခနနားခိုင်းပြီး အ၀တ်လဲ သနပ်ခါးလိမ်း ထမင်းကျွေးပြီး တရေေးအိပ်ခိုင်းတတ်တယ်။ မအိပ်ချင်ပေမယ့် ချမ်းချမ်းနဲ့ ဗိုက်တင်းတာနဲ့ ရောပြီး အိပ်ပျော်သွားတာပဲ။ ကျွန်တော့်မောင်လေးမျက်တောင်ရှည်ပေါ်မှာ တင်နေတတ်တဲ့ သနပ်ခါးလေးတွေကို ငေးကြည့်ရင်း တဖြည်းဖြည်းအိပ်ပျော်သွားတတ်တာကိုလည်း ကိုယ့်ဘာသာ သတိရမိသေးတယ်။ အခုနေ အဲဒီသင်္ကြန်တွင်း ရေကစားပြီး သနပ်ခါးလေးတွေနဲ့ အိပ်ရာနွေးနွေးလေးထဲက မောင်နှမတတွေရဲ့ နွေနေ့ခင်းလေးတွေကို ပြန်ပြီး အောက်မေ့မိတယ်။ အဲဒီရနံ့လေးတွေ တကယ်ပြန်ရှူရှိုက်မိရင် ကျွန်တော် တကယ် အိမ်ပြန်ချင်မိတယ်။ ပြန်ပြီး အစားထိုးမရတော့မယ့် အချိန်တွေပေါ့။ အတန်းကျောင်းတွေရောက် မှတ်မှတ်ရရ ကျွန်တော်တို့တွေ အလယ်တန်းလောက်မှာ မောင်လေးနဲ့ ကျွန်တော်နဲ့ လုံးဝ အတွဲပျက်သွားတာပဲ။ ညီမလေးတွေနဲ့ပဲ အတူကစား ပျော်ခဲ့ရတော့တယ်။ မောင်လေးက ငယ်ငယ်ကတည်းက လူကြီးဆန်ချင်တယ်။ စာအုပ်ထူထူတွေ ဘာသာပြန်တွေစဖတ်ကတည်းက သူက ကျွန်တော်တို့နဲ့ ကစားချိန်တွေ နည်းသွားသလိုပဲ။ ခုထိလည်း အိမ်မှာ သူက အကြီးဆုံးလိုနေတတ်တယ်။
များသောအားဖြင့် သင်္ကြန်မှာ ကျွန်တော်တို့ ကြိုတင် အိပ်မက်စိတ်ကူးထားတာတွေကို အကောင်အထည်ဖော်တတ်ကြတယ်။ သင်္ကြန်သီချင်းတွေဖွင့်ပြီး သူငယ်ချင်းတွေနဲ့ ကကြတာမျိုး၊ မုန့်ဖိုးတောင်းတာမျိုး (သင်္ကြန်မှာ အဖေ့ဆီကနေ မုန့်ဖိုးတောင်းလို့ အရမ်းကောင်းတယ်)၊ အမေလုပ်ကျွေးတဲ့ မုန့်တွေ တမျိုးပြီး တမျိုး စားရတာ၊ အဖွားရဲ့ ကန်တော့ခံပစ္စည်းတွေထဲက မုန့်တွေ စားရတာတွေ ကလေးသဘာဝအတိုင်း လွှတ်ပျော်ခဲ့ကြတဲ့ အချိန်တွေထဲမှာ သင်္ကြန်က ထိပ်ဆုံးပေါ့။ ညနေဘက် ပုပ္ပါးဘက်က ဆင်းလာတတ်တဲ့ ဆိုင်ကယ်တွေပေါ်က ပေးတဲ့ စကားဝါပန်းတွေကိုလည်း မြတ်နိုးတာပဲ။ ပြီးရင် အဲဒီစကားဝါတွေကို ပြန်သီပြီး ဘုရားကို ပြန်ကပ်ရတာပေါ့။ ပိတောက်ပန်းရနံ့ထက် စကားဝါနံ့ ပိုသင်းတဲ့ ကျွန်တော်တို့ နယ်မြို့လေးက သင်္ကြန်ချိန်တွေပေါ့။
မုန့်လုံးရေပေါ်လုံးရတာလည်း စိတ်ဝင်တစားနဲ့ ကူညီပေးကြတာပဲ။ စားလိုက် လုံးလိုက်နဲ့ ဗိုက်ကို တင်းရောပဲ။ တစ်နေ့ပြီးတစ်နေ့ကုန်သွားတိုင်း စားစားသွားသွား အိပ်အိပ် အချိန်တိုင်း တွက်ချက်နေတာက သင်္ကြန်ပြီးဖို့ ဘယ်နှစ်ရက်လိုသေးလဲဆိုတာပဲ။
အတက်နေ့ရောက်ပြီဆိုရင် သိပ်လွမ်းဖို့ကောင်းတာပဲ။ နွေလေရူးတွေနဲ့အတူ ပင်လုံးကျွတ်ပွင့်နေကြတဲ့ အိမ်ရှေ့က ပိတောက်ပင်တွေ ငုဝါပင်လေးတွေက အပွင့်လေးတွေက တဖြောဖြော ကြွေကျနေတာမြင်ရတတတ်တယ်။ ကျွန်တော်တို့ငယ်တုန်းကတော့ သင်္ကြန်ဆို အခုလို ကတ်ဆက်တွေ ဘောက်စ်နဲ့ ဖွင့်တာမျိုးက ရှားတယ်။ တစ်မြို့လုံးမှာ အလည်ထွက်ကြသူတွေရဲ့ ကော်ပုံးနဲ့ တုတ်ချောင်းရိုက်သံ၊ လကွင်းတီးသံကထွက်လာတဲ့ တုန်ချမ်းချမ်း တုန်ချမ်း တုန်ချမ်း တုန်ချမ်းချမ်းဆိုတဲ့အသံတွေပဲ ကြားရတာ။ အတက်နေ့ဆို အလည်ထွက်လာသူတွေက ခေါင်းလျှော်ရည်တွေပေးခဲ့တာမျိုးလည်း ရှိတာပဲ။ အစုံပါပဲ။
သင်္ကြန်အတက်နေ့ညဘက်မရောက်ခင် အိမ်သန့်ရှင်းရေးလုပ်ထားရပါတယ်။ အဖေနဲ့ မောင်လေးက ဘုရားစင်သန့်ရှင်းရေးနဲ့ ဘုရားရေသပ္ပါယ်ကြပါတယ်။ ကျွန်တော်တို့ ညီမတတွေက အမေ့ကို ကူညီကြပြီး ဘုရားပန်းအိုး ထိုးကြပါတယ်။ အိမ်က ဘုရားစင်ကတော့ နံ့သာဖြူနံ့တွေ သင်းကြိုင်နေတတ်တယ်။ အဖွားနှစ်ယောက်လုံး ရှိတုန်းကတော့ နှစ်ယောက်လုံးကို ခေါင်းလျှော်၊ ရေချိုးပေးပြီး သနပ်ခါး အဖွေးသား ကျွန်တော်ကိုယ်တိုင် လိမ်းပေးရတာ ခုနေပြန်တွေးတော့ ကြည်နူးရတယ်။
အညာသင်္ကြန်ကတော့ တကယ် ရိုးရှင်းပြီး ပျော်ဖို့သိပ်ကောင်းပါတယ်။ ညဘက်တွေဆို မြို့ လယ်လမ်းတွေက သင်္ကြန်ယိမ်းတွေ၊ အဘိုးကြီးအိုယိမ်းတွေ သွားကြည့်ရတာ သိပ်ကို အောက်မေ့စရာပါပဲ။ ညဘက်မို့ ရေမပတ်ရတော့ပေမယ့် ကျွန်တော်တို့ ငယ်သူတွေတော့ ရေလောင်းခံထိကြတဲ့အခါ အမေက သိပ်မကြိုက်ချင်ပေမယ့် ကျွန်တော်တို့က ကြိတ်ပြီးပျော်ရတာပဲ။ ရေထိရင် ပျော်တာပဲပေါ့ နော်။ အဖွားနဲ့အတူ တရားစခန်းဝင်ခဲ့ရတဲ့ သင်္ကြန်နှစ်တွေလည်း ရှိခဲ့ပါတယ်။ ၈တန်း ကနေ ပထမနှစ်တက်တဲ့အထိ ဆက်တိုက် တရားစခန်းဝင်ခဲ့ရတယ်။ နှစ်ဆန်း၁ရက်နေ့တော့ စခန်းကထွက်ရတယ်။ ဆွမ်းဆန်စိမ်းလောင်းဖို့အတွက် အဖွားက အရမ်းတက်ကြွတယ်။ အဖွားကျေးဇူးတွေ တော်တော်များမှန်း အခု အရွယ်ရောက်လာ အသက်ရတော့မှ ပိုမြင်ရတယ်။ ပိုသိခွင့်ရတယ်။ သင်္ကြန်ရေမကစားဖြစ်တာ တော်တော်ကြာပြီလို့ဆိုရမယ်။ ကျောင်းနောက်ဆုံးနှစ်မတိုင်ခင်ကတည်းက သူငယ်ချင်းတွေကလည်း မစုံကြတော့ မကစားဖြစ်တော့ပါဘူး။ ညီမလေးတွေကို အလှပြင်ပေးတယ်။ သူတို့ကို ရေကစားဖို့ လိုက်ပို့တယ်။ ဒါတောင် ရေထိမှာစိုးတာရယ်။ ဆိုင်ကယ်တွေရန်ကြောက်တာရယ်ကြောင့် လမ်းကြားတွေကပဲ သွားပြီးပို့ပေးဖြစ်တယ်။ သူတို့ပြန်လာရင် အ၀တ်စိုတွေ မပုံရအောင်၊ အမေနဲ့အတူ ချက်ပြုတ် အိမ်သန့်ရှင်းရေးလုပ်နဲ့ သူတို့ပြန်ပြောပြတာတွေကို နှစ်ယောက်သား ထပ်တူပျော်ပြီး နားထောင်ပေးရတာလည်း ကြည်နူးစရာ။ တခါတခါ အမေက စိတ်ပါလာရင် သူ့အစ်မအပျိုကြီးကို ကားခေါင်းထဲထည့်ပြီး ဖျားနေတဲ့ကျွန်တော့်ကိုပါ ပါအောင်ခေါ်ပြီး ပုပ္ပါးဘက်တွေထိ တက်လည်တတ်သေးတယ်။ ရေကစားနေတဲ့ သူ့သမီးတွေ ရှိရာကိုသွားပြီးပါ အပါခေါ်သေးတာ။ အမေပျော်ပြီး အော်ရယ်နေတာ သီချင်းဆိုနေတာ မြင်ရတာ သင်္ကြန်ချိန်ပဲ။ သိပ်ချစ်ဖို့ကောင်းတဲ့ အမေ့မျက်နှာ။ ကလေးလို အပြစ်ကင်းပြီး အိမ်သားနဲ့ မိသားစုအတွက်ပဲ အချိန်ပေးပြီး ဘာမှ သိပ်စိတ်မ၀င်စားဖြစ်ဘဲ ကလေးလို အပြစ်ကင်းတတ်တဲ့ အမေ့ကို အသနားပိုကာ ခုတော့ ကိုယ်ကပြန်ကြင်နာရတယ်။
ဒီကို ရောက်တော့ သင်္ကြန်ဆိုတာ သိရအောင် မြန်မာတွေ စုပြီး ကျင်းပတတ်တဲ့ သင်္ကြန်ကျမယ့်နေရာတွေကို အရောက်သွားရတယ်။ သွားတဲ့လမ်းတလျောက် မျိုးမတူလူသားတွေနဲ့ ကာလတူပေမယ့် အသွင်ကွဲပြားနေတဲ့ နေရာတွေကို ကျော်ဖြတ်ပြီး ကိုယ့်မြန်မာတွေစုရာ သင်္ကြန်ကျတဲ့နေရာလေးတွေကို ရောက်သွားတော့လည်း ပျော်ရတာပဲ။ စတုဒီသာ ကျွေးသူတွေအများအပြားနဲ့ ရေကစားကြရ၊ ယိမ်းတွေကြည့်ရနဲ့ မြန်မာပြည်နဲ့ အသွင်တူနေတာမြင်ရတော့လည်း ကွက်ကြားမိုးလိုပေမယ့် အားလုံးကိုမေ့သွားလောက်အောင် ရင်မှာချမ်းမြေ့ရတာပဲ။ တရားနာပြီး အလှူတွေလုပ်ရတာနဲ့ မြန်မာတွေဟာ ရောက်လေရာနေရာတိုင်းမှာတော့ မြန်မာ့ရိုးရာကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ကြတာကို တွေ့ရတာတွေကို အမေ့ကို ပြောပြရင် အမေက ကျေနပ်နေရော။သင်္ကြန်ဆို ကျွန်တော်ကလွဲလို့ အိမ်မှာ မိသားစုဝင် အကုန်စုံတတ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တစ်ယောက် သူတို့နဲ့အတူမရှိပေမယ့် ကျေနပ်ပါတယ်။ သင်္ကြန်ရောက်မယ်ဆိုတော့ ပို့စ်အသစ်လည်း မတင်နိုင်တာနဲ့ ကလေးဘ၀အကြောင်းတွေ ပြန်ပြောပြရင်း ဒီပို့စ်လေးနဲ့ သင်္ကြန်ကြိုလိုက်ပါတယ်။ လာလည်သူတွေအတွက် ရောက်နေတဲ့နေရာမှာ ကျရောက်မယ့် သင်္ကြန်ပုံရိပ်လေးတွေကို ပြန်ပြီး မျှဝေပေးပါ့မယ်လို့လည်း ကတိပြုပါတယ်။
လာလည်သူတွေလည်း ဗဟုသုတအနေနဲ့ သင်္ကြန်သမိုင်းကြောင်းလေးကို ပြန်လည်မျှဝေလိုက်တယ်နော်။ http://yinminkhine.multiply.com မှကူးယူဖေါ်ပြပေးလိုက်ပါတယ်။
သင်္ကြန် သမိုင်း ….
ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
သိကြားမင်း -ဗြဟ္မာမင်းတစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေ့ရပါတယ်။
ပုဂံခေတ်မြန်မာသင်္ကြန်
အကြိုနေ့သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။
*********** ****************************
ချစ်တဲ့
✎❑уaйaит cно❒ ヅ


