"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Thursday, December 29, 2011

၂ နှစ်ပြည့် အမှတ်တရလေးနဲ့ ဆုတောင်း



မေတ္တာပို. - ( U Thein Hla Maw & Soe Sandar Htun)
ဘလော့လေးကို စလာလိုက်တာ ၂နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ ဒီနှစ်တွေထဲမှာ အရာရာတိုင်း က ပြောင်းလဲနေတယ်။ သိသိသာသာကို အပြောင်းလဲတွေ များခဲ့ပါတယ်။ ကျွန်တော် ငေးငိုင်နေလို့တော့ မရတော့ပြန်ဘူးလေ။ ပြောင်းလဲမှုတွေကို သေချာ နားလည်အောင် နေတတ်ထိုင်တတ်အောင် ကြိုးစားနေရင်း၊ ကောင်းတဲ့အကျင့်တွေ မပျက်အောင်လည်း သတိနဲ့ နေခဲ့ရပါတယ်။ ဆုံးရှုံးတာတွေ ရှိသလို။ ရရှိလိုက်တာတွေလည်း ရှိပါတယ်။ ပျော်ခဲ့ရတာတွေ။ ၀မ်းနည်းခဲ့တာတွေ၊ စိုးထိတ်ခဲ့ရတာတွေ၊ မျှော်လင့်ခဲ့ရတာတွေ၊ ပီတိတရားတွေ၊ ကြည်နူးမှုတွေ၊ အို....အများကြီးပါပဲ။ မျှော်လင့်ချက် များများထားရင် ပိုပိုမှောင်လာတတ်တဲ့ သဘောတရားတွေကိုလည်း တွေ့တယ်။ တချို့နေ့ရက်တွေက အရမ်းကိုခါးတယ်။ ပြန်မတွေးချင်တော့လောက်အောင် မှောင်တယ်။ ဒါပေမယ့် ကျွန်တော့်အတိတ်တွေအတွက် အမြဲလိပ်ပြာလုံပါတယ်။ နောက်ပိုင်း မောရတာတွေကို ကျွန်တော် ရယ်ရင်းနဲ့ ဖြေသိမ့်တတ်လာတယ်။ သင်ကြားပေးတဲ့ လောကကြီးနဲ့ အလှည့်အပြောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ.. ခါးသီးနာကျင်ခြင်းတွေ အရာတိုင်းကို ကျေးဇူးတင်တတ်လာပါတယ်။ ဒီနေ့မနက်မှာ ကြားလိုက်ရတဲ့သီတင်းတွေ ဓာတ်ပုံတွေ ပို့စ်တွေတော်တော်များများ ဖေ့စ်ဘွတ်ခ် မှာတွေ့လိုက်ရတယ်။ ရုံးသွားတဲ့လမ်းမှာပဲ စိတ်ထဲတော်တော် မကောင်းဖြစ်မိတယ်။ တစ်ခုခု ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးကူညီချင်မိတယ်။ အဝေးကပဲ တတ်နိုင်သလောက် ကူညီရတော့မှာပဲ။ လူတွေ အေးချမ်းစွာ နှစ်ခြိုက်စွာ စိတ်ချငြိမ်းအေးစွာ အိပ်စက်နိုင်ကြပါစေလေ...။ ကောင်းသော နိုးထခြင်းတွေနဲ့လည်း နိုးထနိုင်ကြပါစေ..။
သံသရာ ၀ဋ်ဆင်းရဲဒဏ်တွေမှ ကင်းဝေးကြပါစေ...။ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေးကြပါစေ..။
သေဆုံးသွားသူတွေလည်း ကောင်းရာမွန်ရာ ရောက်ပါစေ...။
(စက်ဆန်းတွင် ဂိုဒေါင် မီးလောင် ကာ ပေါက် ကွဲ မှု ဖြစ်တဲ့နေ့ အမှတ်တရနဲ့ ဘလော့ သက်တမ်း၂နှစ်ပြည့် တဲ့အတွက် ပေါင်းပြီး မှတ်မှတ်ရရရှိစေဖို့ ဒီပို့စ်လေးကို တင်လိုက်မိပါတယ်။) အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Thursday, December 22, 2011

သမီးလေးရဲ့ မနက်ခင်း

အိပ်ရာကထရင်
အချိန်ပို ၅မိနစ်တောင်းတတ်တယ်
မကြာခင် လေကြောင့်
ပန်းကလေးတစ်ပွင့် ထလာသလို ဒယီးဒယိုင်
အရွက်အခက်တို့ ပွတ်တိုက်မြည်ဟီးလာသလို
မျက်နှာကိုသစ်
ဟိုကြည့်သည်ကြည့်
စပါးစေ့ကလေးတွေကောက်တော့မယ့် ငှက်ကလေးလို
သဘာဝပတ်ဝန်းကျင်ကိုကြည့်
ဖေဖေ
မနက်ခင်းက စိမ်းစိမ်းနော်
သမီးဝတ်ထားတဲ့ ကျောင်းစိမ်းလေးအတိုင်းပေါ့
ဘယ်ကဟုတ်ရမှာလဲ
သမီးတို့လမ်းဖြတ်ကူးရင် စိမ်းပေးရတဲ့
မီးပွိုင့်ကမီးစိမ်းလေးပါတဲ့
ပြီးရင် စပျစ်သီးတွေ အပြွတ်လိုက်တွဲလို
ပိတောက်ပန်းတွေ ပင်လုံးကျွတ်ညွတ်ခိုပွင့်နေသလို
ကျွန်တော့်လည်ပင်းကို တွဲခို
မိုးလင်းတာနဲ့ ငှက်ကလေးတွေကလည်း စကားများပ ဖေဖေ
စာသင်ခန်းထဲက သမီးနဲ့သူငယ်ချင်းတွေ
ဆရာမလာခင် စကားများနေသလို မဟုတ်ဘူးလား
ဘယ်ကလာ
သမီးတို့ မတ်တတ်ရပ် နိုင်ငံတော်သီချင်းဆိုကြနေသလိုပါ
နံနက်ခင်းလမ်းကလေးပေါ်
ကျွန်တော် သမီးကို ဆုံးမသြ၀ါဒပေးမယ်လုပ်တော့
ဖေဖေ
ပန်းကလေး လမ်းကလေး နံနက်ခင်းလေးမွှေးနေတုန်း
သမိုင်းဘာသာသင်တဲ့ သမိုင်းဆရာမကြီး မမောမပန်းနိုင်
သမိုင်းကြီး သမိုင်းကျယ် သင်နေသလိုမလုပ်နဲ့နော်
သမီး ပြန်မအိပ်ချင်တော့ဘူးတဲ့
တစ်စတစ်စ
နေရောင်ခြည်ဝင်လာတော့
အဲဒါ အတန်းပိုင်ဆရာဝင်လာတာ ဖေဖေ
နှင်းကလေးတွေ သစ်ရွက်ကလေးတွေပေါ် အငွေ့ပျံပြေးတော့
သမီးပါးပြင်ပေါ်က သနပ်ခါးလေးခြောက်သွေ့သွားသလိုပေါ့
မေမေ ခေါ်နေပြီ
ကျောင်းတက်ခေါင်းလောင်းကြီးထိုးပြီပေါ့
ဖေဖေ မုန့်ဖိုးပေးတဲ့အခါ
ဟေး...ခနဲအော်
ကျောင်းဆင်းခေါင်းလောင်းကြီး ထိုးပြီဟေ့လို့ဆိုကာ ပြေးထွက်သွား။ ။

ခရမ်းပြာထက်လူ
(မဟေသီ ရုပ်စုံမဂ္ဂဇင်း၊ အမှတ် ၂၉၄၊ ဇွန်လ၊ ၂၀၀၉ခုနှစ်။)
ဒီရက်တွေမှာ လူကနေမကောင်းဖြစ်တဲ့အပြင်၊ အလုပ်တွေလည်း အရမ်းရှုပ်ပါတယ်။ အစားကောင်းစားရတိုင်း ချစ်သူကို သတိရတတ်တဲ့လူတိုင်းလည်း နေကောင်းဖြစ်ချိန်မှာကိုယ့်မိဘ ကိုယ်အပေါ်မှာ စေတနာနဲ့ပြုစုစောင့်ရှောက်ပေးသူတိုင်းကို သတိရမိကြမှာပါပဲ။ဒီကဗျာလေးကိုဖတ်မိတိုင်း ကိုယ့်ငယ်ဘ၀နဲ့ ဖေဖေကို ပြန်လည်လွမ်းမိတယ်။ ကြည်နူးမိတာ အမှန်ပါ။ အမြဲတမ်းမေးခွန်းတွေနဲ့ အတောမသတ်နိုင်တဲ့ ကျွန်တော့်မေးခွန်းတွေတိုင်းကိုပြန်လည်ဖြေဆိုပေးတတ်တဲ့ ၊ ကျွန်တော်တို့မောင်နှမတွေကို ပျော်စေဖို့ သူ့ကိုယ်သူ ဆင်ကြီးမိုမိုအဖြစ်သူ့နောက်ကျောပေါ်တွင် တက်စီးစေတဲ့၊ ပုံပြင်တွေပြောပြတတ်သောဖေဖေ၊ ရွှေသွေးစာအုပ်ကအစ စာအုပ်တွေကို ချစ်တတ်အောင် ထိန်းသိမ်းတတ်အောင်သင်ကြားပေးခဲ့သော၊ မိသားစုတာဝန်ကိုကျေသော ကျွန်တော့်ဖေဖေ သက်တော်ရာကျော်ရှည်ပါစေ။ ဖေဖေနဲ့ မေမေကိုကျွန်တော်အရမ်းချစ်ပါ၏။
ချစ်တဲ့
✎❑уaйaит cно❒ ヅ

Tuesday, December 20, 2011

***(စွယ်တော်ရွက်)***





ယာယီအဝေး



ဖြစ်မှဖြစ်ရလေ

စွယ်တော်ရွက်မှ အချစ်တဲ့

တားမြစ်နယ်မြေ ဖြစ်နေပီလား

စွယ်တော်ရွက်ရယ် . . . ။

အသိစိတ်က

ငါ့ကိုတော့ ဟြေပါရဲ့

စိတ်အလိုကြောင့် အပျော်သဘော

အထင်ခံရမယ် . . . ။

ဘယ်ဘက်နဲ့လား နားထင်လား

အချစ်ဆိုတာ သေချာခဲ့ရင်

ငါတစ်ခြမ်းဖြစ်ပါရစေ

နင့် စွယ်တော်ရွက်။

(Kaung Lin Htet)

Monday, December 19, 2011

Celine Dion - Power Of Love










ဒီနေ့မနက်ကတည်းက ဆက်တိုက်နားထောင်နေတဲ့သီချင်းလေး
❤( ◜◡‾)(‾◡◝ )❤
Celine Dion - Power Of Love❤( ◜◡‾)(‾◡◝ )❤





- ရွှင်လန်းချမ်းမြေ့ ကြပါစေ..




✎❑уaйaит cно❒ ヅ

Sunday, December 18, 2011

တွဲဖက်သရုပ်ဆောင်


(၁)
စွက်စွက်ဖက်ဖက် ပါးစပ်ဖျားတွေ ဆိုတာ

ရက်ရက်စက်စက် သေနတ်၊ဓါး တွေ လိုပဲ။
ဒါပေမဲ့ … အသက်ကို ရန်ရှာမယ့်အစား
အရှက်ကို ရန်ရှာလိမ့်မယ်။

(၂)
တခါတခါ
ဝေဖန် ပါးစပ်မျိုးဆိုတာ
စေတန် နတ်ဆိုးလိုပဲ။
ကောင်းခန်းဆို
သောင်းကျန်းတတ်တယ်။

(၃)
အသစ်အဆန်းစကား ထိုးကွက်တွေနဲ့လည်း
အချစ်လမ်းတံတား ကျိုးပျက်သွားအောင် ဖျက်ဆီးတတ်တယ်။

(၄)
သူတို့က မြွေဖမ်းသမားတွေကွယ့်
ကလေး… ခြေလှမ်းမမှားစေနဲ့။

(၅)
ကလေးရေ…
လူမှု စက်ဝိုင်းဇုန်ကြီး တခုလုံး
ဝဲဂယက် အရှုပ်တထောင်နဲ့
ကွဲအက်ပုပ်ရောင် နေတာကို မြင်ရဲ့လား။

ဒါပေမဲ့လည်း ဖြတ်သန်းရမှာမို့
တွဲဖက်သရုပ်ဆောင်လေးရေ
တွဲလက်မပြုတ်အောင် ကိုင်ထား။
(ကောင်းကင်ကို)




အိမ်

Thursday, December 15, 2011

ဖေဖေနဲ့ ဖုန်းပြောခြင်း

ဟလို ဟလို ဖေဖေလား
ကြားရလား သမီးအသံကိုကြားရလား ဖေဖေ
မေမေ အနားမှာရှိလား
ဟင် မေမေလည်း နေမကောင်းဘူး ဟုတ်လား
သမီးလည်း ဖျားနေတယ်
ဟုတ်တယ် ဟုတ်တယ် ၀က်ကလေးဖျားနေတယ်။

ဒီနှစ်ပိုင်းမှာ အပြောင်းအလဲတွေများတယ် ဖေဖေ
လူတွေကိုမပြောင်းလဲပေမယ့်လို့ စိတ်တွေ။
သူတို့ကို ခန့်မှန်းနိုင်တဲ့ ရာသီဥတုအခြေအနေ

အားလုံးက ပြောင်းလဲကုန်တယ် ဖေဖေ။
သမီးကိုရှာတွေ့ဖို့ကျတော့ လူတိုင်းမှာ
မြေပုံအညွှန်းကိုယ်စီ ရှိကြတယ်ဖေဖေရဲ့။

ဒီမှာက ဒီလိုပါပဲ ပျော်စရာဆိုတာ ဘာလဲလို့
ဖေဖေ့ကို ခုပဲ မေးမလို့။
ဘ၀ကတူ ဖြစ်ဖို့ဝေးလို့ ပေ အဖြစ်ထုခံနေရတာကြာတော့
လူတစ်ချို့နဲ့ ဆက်ဆံရေးမှာ ဟိုး....ရိုးတွင်းခြင်ဆီထဲကပါ
စိမ့်နေအောင် လန့်နေတတ်ပြီ ဖေဖေ။

ဟုတ်..ဖေဖေပြောသလိုပါပဲ
သူများပြောတိုင်း မကျေနပ်ချက်တွေရှိရင်
ချက်ချင်းပြန်မပြောမိအောင် ရေအိုးနဲ့တူတဲ့ ခေါင်းထဲကို အသာထည့်ထားပြီး၊
ရွက်ထားတာတွေများများလာတာပဲ အဖတ်တင်တယ်
သမီး အဲ့ဒီရေအိုး ချခွဲပြပြီး တစ်ခုချင်းကို ပြန်ထုတ်ပြီး ဖြေရှင်းဖို့ကျ
အခွင့်အရေး မရခဲ့တာကြာပြီ ဖေဖေရဲ့

ပြောလို့စကား မဆုံးခင် ဖုန်းချတတ်တဲ့သူတွေ
သုံးစက္ကန့်နဲ့ Missed Call ပေးပြီး ပြန်ခေါ်ခိုင်းတဲ့သူတွေ
စကားကို ရှေ့မှာတစ်မျိုး ၊ ကျောပေးတော့ တစ်မျိုးပြောတတ်သူတွေ
ပြုလွယ် ပြင်လွယ်စိတ်ထားနဲ့ အနားနားမှာ ခနနေတတ်သူတွေ
ကတိမတည်တတ်တဲ့ အပေါ်ယံရွှေမှုန်ကျဲဆက်ဆံရေးတွေ
အနေအစားချောင်အောင် ပေါင်းသင်းတတ်တဲ့ သူတွေ
တမင်ကိုယ့်အတွက် ပြင်ထားတဲ့ ထမင်းဝိုင်းတွေနဲ့
ဇွတ်အတင်းကျွေးကြပြီး ကွယ်ရာမှာ အတင်းပြောတတ်သူတွေ
အို....ဖေဖေရယ်....အများကြီးပဲ သိလား
သမီးကြောက်တယ် ဖေဖေ..
သမီး မခန့်မှန်းတတ်တော့ဘူး။

ဟလို ...ဖေဖေ ကြားရလား
ဟုတ်ကဲ့ သမီးပြန်လာမှ သေချာပြောပြဦးမယ်နော်။

ဟလို ဟလို ....
ဖေဖေနဲ့ မေမေ့ကို သမီးအရမ်းချစ်တယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ


ပင်လယ်မှောက်တဲ့လှေ

14 Htoo Eain Thin_ Moe Tain A Kyawng











သစ္စာနဲ့ဝေးခဲ့လို့ ... တဲ့။
ဘယ်လိုမှဆေးဖက်မ၀င်နိုင်တော့တဲ့ နွယ်မြက်သစ်ပင်တွေ
တရွေ့ရွေ့ ရွာသွန်းပေါက်ရောက်လာကြ
ကျွန်မရဲ့ဆောင်းရာသီ ယာခင်းကလေး
ပေါင်းပင်တွေနဲ့ တအိအိညွှတ်ကွေးနေခဲ့။
နတ်ဝှက်ခံထားရတဲ့ မယ်ဇလီပွင့်လေးများ
ကြေးစားမဆန်တဲ့ လရောက်အောက်မှာ ယိမ်းနွဲ့လဲ့ဝါ။
ဆေးပေါင်းမခခင်မှာပဲ အဆိပ်ပေါင်းခခဲ့ရလို့
ကျွန်မရဲ့တန်ဆောင်မုန်းလပြည့်ညလေး
ကိုယ်ပိုင်မေးခွန်းတွေနဲ့ လန့်နိုးခဲ့ရ။
ဆုတောင်းတိုင်းရတတ်တဲ့အရာတွေထဲမှာ
ကတိသစ္စာ မပါဘူး
လက်မှတ်တွေအပြည့်ထိုးထားတဲ့စွယ်တော်ပင်က
လောကအဖို၊အမအကြောင်း ပြောပြတယ်။
ယတြာချေဖို့တစ်ခုပဲ ကျန်တော့တယ်
ဒါမှမဟုတ်
ဒါဟာ ဘုရားသခင်ရဲ့အလိုတော်ပါ လို့ ၀န်ခံလိုက်ရရင်ကောင်းမလား
ကိုယ့်ကိုယ်ကို မကြားတကြား ရယ်မိတာများပြီ။
ဖြေသိမ့်လိုက်ပါတယ်
တစ်ခါတစ်ခါ... ဘ၀ဟာပျင်းရိမနေဖို့
ဝှက်ဖဲတစ်ချပ်တော့ လိုလိမ့်မယ်... လို့။

မနော်ဟရီ
မုခ မဂ္ဂဇင်း
၂၀၀၁/ ဒီဇင်ဘာ

Thursday, December 8, 2011

ငယ်ငယ်က သူငယ်ချင်းတွေ




Orkut Friendship scraps, graphics and quotes
အပိုင်း(က)

လောကမှာလူတွေအသက်ရှင်နေသရွေ့တော့ သူငယ်ချင်း အပေါင်းအသင်း၊ မိတ်ဆွေတွေနဲ့တော့ ကင်းကွာလို့ရမှာမဟုတ်ဘူးနော်။အသက် ခပ်ငယ်ငယ် ဆယ်ကျော်သက်ကလေးဘ၀တုန်းကတော့ ခပ်ပေပေအတွေးနဲ့ တစ်ကိုယ်တည်း နေမယ်လို့ စိတ်ကူးဖူးတယ်။သူငယ်ချင်းတွေကိုတောင် စိတ်ဆိုးရင် အဲ့လိုပြောပြောပစ်တာ။ (စိတ်က ကြီးပေတယ်ကိုး ကွယ့်)စိတ်ကူးမိတာလေ ငါကြီးလာရင် တောထဲမှာ အပင်တွေစိုက်မယ်။ သစ်တွေနဲ့ဆောက်ထားတဲ့ သစ်လုံးအိမ်လေးထဲ ငါတစ်ယောက်တည်းနေမယ်ပေါ့။ ဘယ်သူနဲ့မှမခေါ်ဘူး။ ပန်းပင်တွေစိုက်မယ်။ ငါကြိုက်တဲ့ စတော်ဘယ်ရီနဲ့ ပန်းသီးပင်။ မာလကာပင်တွေကို အများကြီးစိုက်ပြီး အဲ့ဒါတွေပဲ စားမယ်။ ထမင်းစားချင်နေရင် ဆန်စိုက်ရင်ပင်ပန်းမယ်။ တကယ်လို့ ထမင်းစားချင်ရင် စားနိုင်အောင် ရေအိုးစင်အောက်မှာအဖွားလုပ်ထားသလို ခွက်ကြီးတစ်ခုထဲ သဲတွေထည့်ပြီး စပါးလုံးလေးတွေပစ်ထည့်ထား။ ရေအိုးဖင်က တစ်ပေါက်ပေါက်ကျတဲ့ ရေလေးတွေနဲ့စပါးပင်လေးရှင်လာ ။(တကယ်က အဖွားက သောက်ရေအိုးစင်လေးကို ပိုအေးတယ်လို့မြင်ရအောင် စပါးပင်စိမ်းစိမ်းလေးတွေဖြစ်ဖြစ်။ မြေဇာပင်ပေါက်လေးတွေဖြစ်ဖြစ်နဲ့ အလှဆင်ထားတာပါ။ ဒါကို ငယ်သူအတွေးနဲ့ စပါးစိုက်စားဖို့ ကြံစည်တာလေ။) စပါးပင်က ဆန်ရလာတာလေးတွေကိုစုထားမယ်ပေါ့လေ။ ရွှေဥာဏ်တော်က မတရားစူးရောက်ပုံပြောတယ်။ ကြီးဒေါ်အပျိုကြီး ပြောနေကျစကားအတိုင်းပြောရရင် သချာင်္ဥာဏ်ကို မရှိဘူးတဲ့။သူက ပြောအားရှိမယ်လေ။ သူက စီးပွားရေးတက္ကသိုလ် ကနေပြီးထားပြီး စားရင်းစစ်နေတာကိုး :P ။ စကားပြန်ဆက်မယ်။ အဲလို တောမရောက်တောင်မကျအကြံလေးတွေနဲ့ ကျွန်တော့်မှာ မေ့လို့မရတဲ့ သူငယ်ချင်းလေးတွေ ရှိခဲ့ဖူးတယ်။

(၁). မူလတန်း လေးရွာအ.မ.က ကျောင်းက သူငယ်ချင်းတွေ
သူတို့တွေရဲ့ အကြောင်းလေးကို မပြောခင်မှာ လေးရွာကျောင်းပုံစံလေးကို ပြောပြချင်သေးတယ်။ ကျွန်တော် မူလတန်းတက်ရတဲ့ကျောင်းက လေးရွာကျောင်းတဲ့။ နံမည်လေးက ချစ်ဖို့ကောင်းတယ်နော်။ မေမေတို့လက်ထက်ကနေ ကျွန်တော်တို့မောင်နှမတွေလက်ထက်ထိတော့ အဲ့ဒီကျောင်းလေးက ဘုန်းကြီးကျောင်းဝင်းထဲမှာပဲ။ ကျောင်းဝင်းက ကျယ်တယ်။ ကျောင်းအရှေ့ဘက်မှာ ဘုရားစေတီဟောင်းလေးတွေ ထုံးဖြူဖြူနဲ့ သုတ်ထားတာတွေ ရှိတယ်။ အဲ့ဘေးနားမှာမှဘုန်းဘုန်းတို့ သီတင်းသုံးတဲ့ ကျောင်းလေးတွေ ပျဉ်ထောင်နှစ်ထပ်ကျောင်းတွေရှိတယ်။ ကျောင်းတွေအောက်မှာ ဧရာမကျွန်းတိုင်လုံးကြီးတွေရှိတယ်။ကျွန်တော်တို့ ကစားကျောင်းဆင်းချိန်ဆို တိုင်တွေကိုကွယ်ပြီး တိုင်ဦးတမ်း ကစားကြသေးတယ်။ ကျောင်းလှေကားထစ်တွေပေါ်ပြေးတက်ကြ အောက်ကအရူးလုပ်နေရတဲ့သူက လှမ်းဆွဲကြနဲ့ ဘုန်းဘုန်းတို့ကျိမ်းတာတွေ ဘာတွေ သိသေးတာမဟုတ်ဘူး။ ခုမှတွေးတယ်။ ဘုန်းဘုန်းတို့ တော်တော်သည်းခံကြတာပဲလို့။ ကျောင်းဝင်းထဲမှာတော့ တမာပင်တွေ တန်းစီနေတာပဲ။ ကျောင်းဝင်းထဲ
ဝင်ခါနီးရင် ဖိနပ်ချွတ်ပြီးဝင်ရတယ်။ တမာသီးတွေတက်နင်းမိတိုင်း ကျွန်တော်က အသည်းယားလို့ ခြေဖျားထောက်သွားတာ အ.ထ.က(၁)ကျောင်းကို ရောက်တော့ အကျင့်ပါနေလို့ အနောက်ခံရသေးတယ်။ ရွာသူတဲ့။ အဲ့သလို။ အတန်းထဲမှာ မောင်ငယ်ဆိုတာ ရှိတယ်။ သူက ကျွန်တော်တို့အိမ်နားကပဲ။ သူနဲ့ကျွန်တော်က အသက်၎နှစ်လောက်ကွာပေမယ့် သူက လမပြည့်ဘဲ မွေးတော့အတန်းနောက်ကျထားတာလို့ သူ့အိမ်ကပြောပြတယ်။ သူ့ကို ကြည့်လိုက်တိုင်း သနပ်ခါးကြားကြားလေးနဲ့ ခေါင်းမှာ ဆီတွေက ရွှဲနေတာပဲ။ သူက စာသင်ခန်းထဲ နေရတယ်လည်း သိပ်မရှိဘူး။ သူကိုယ်တိုင်က စာမသင်ချင်တာတဲ့။ သူ့ကိုတွေ့ချင်ရင် ကျောင်းဝင်းထဲက မီးဖိုချောင်လေးထဲမှာ ရေနွေးအိုးမီးထိုးနေတာပဲတွေ့တယ်။ အသင်းကျတဲ့ရက်တွေဆို ကျွန်တော်တို့က စာသင်ခန်းအလှအိုးအတွက် ပန်းတွေရေဆေးရင် သူု့ကို ကျောင်းရေကန်ဘေးနားမှာ ဘုန်းကြီးကျောင်းက အလုပ်တွေလုပ်နေတာပဲတွေ့တယ်။ ကျွန်တော်က "မောင်ငယ်..နင်စာမသင်ဘူးလား"လို့ မေးတိုင်း သူကစပ်ဖြဲဖြဲနဲ့ဖြေတယ်။ "ငါက စာသင်စရာမှမလိုတာ။ ကျောင်းအုပ်ကြီးက ငါ့ကိုလေးတန်းအထိ အအောင်ပေးမှာပဲ။ ငါ ဒီလိုနေရတာ ပျော်တယ်"တဲ့။ သူပြန်ဖြေတာကို အိမ်ရောက်တော့ မေမေ့ကိုပြောပြတယ်။ မေမေက မောင်ငယ်က လမပြည့်ဘဲမွေးထားတာအပြင် ။ စကားပြောတတ်တာ သူ ၆နှစ်သားမှ စပြောတတ်တာတဲ့။ သူ့အနေနဲ့ သေစာ ရှင်စာတတ်ရင် တော်ပြီတဲ့။ အော် မောင်ငယ် မောင်ငယ်... ခုတော့ ကျွန်တော် အိမ်ပြန်ရင်တွေ့တိုင်း ကျွန်တော့ကိုငေးပြီးသူပြောတယ်။ နင်တို့ကစာတက်တယ်နော်။ ငါကကျ စာကိုမလုပ်ခဲ့တော့ ဒီလိုဖြစ်တယ်တဲ့။ မျက်ရည်တွေဝဲလို့။ မောင်ငယ်နဲ့ပတ်သတ်ပြီး မှတ်မှတ်ရရရှိစေတဲ့အဖြစ်လေး ကတော့ ကျွန်တော်က အမြင့်ကြိုးခုန်ရပေမယ့် ၊ မထိတထိလေးလုပ်ခုန်ရတဲ့ အီစွပ်ကြိုးခုန်ကို အသည်းယားလို့ ခုထိမခုန်တတ်ခဲ့ပါ။သူက ကျွန်တော်ကိုကယ်ပြီး အမြဲတမ်းခုန်ပေးတယ်။ သူက ချဉ်ပေါင်ချဉ်လိမ် လား ခြေပေါင်ခြေလိမ်လားတော့မသိဘူး။ အဲလိတွေအော်ဆိုပြီး ခုန်တတ်တယ်။နောက် ခဲချွန်ဓားမကိုင်တတ်တဲ့ ကျွန်တော်နဲ့ မောင်လေးအတွက် ခဲတံကို လှလှလေးတွေ အမြဲချွန်ပေးတတ်တယ်။ အဲဒီအတွက် သူ့ကိုကျွန်တော်က လက်ဆောင်ပြန်ပေးတတ်တယ်။ အရုပ်မပုံလှလှလေးတွေဆွဲပြီး ပြန်လက်ဆောင်ပေးတာပါ။ သူက ဘယ်လောက်တောင်လည်သလဲဆို တခါတခါကျသူမုန့်စားဖို့ ပိုက်ဆံမရှိရင် ကျွန်တော့်ကို အရုပ်ပုံလေးတွေဆွဲခိုင်းပြီး တစ်ပုံကို ငါးမူးနဲ့ပြန်ရောင်းပြီး ကျောင်းဝင်းထဲက မုန့်တွေ
ဝယ်စားတယ်။ အော်ရှိသေးတယ်။ ကျောင်းအနောက်ဘက်ပေါက်ကထွက်လိုက်ရင် မျက်နှာချင်းဆိုင်အိမ်မှာ လျက်ဆားရောင်းတဲ့ အိမ်လေးရှိတယ်။ အမြဲတမ်း မှောင်နေတာပဲ။အဲ့ဒီအိမ်လေးမှာ အဖိုးအဖွားလင်မယား နေတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ လျက်ဆားစားချင်တိုင်းမှာ ဗလာစာရွက် တရွက် နှစ်ရွက်စုပ်ပြီး အဲ့ဒီအိမ်ဆီကို သွားတယ်။ သူတို့က အမြဲတမ်း လျက်ဆားလေးတွေ ထည့်ပေးတတ်တယ်။ ကျွန်တော်တို့ယူလာတဲ့စာရွက်လေးတွေကိုတော့သူတို့ယူထားတယ်။ အမြဲတမ်းလည်း ပေးတယ်။ ခုပြန်တွေးကြည့်တော့ ကျေးဇူးတင်ဖို့တော်တော်ကောင်းတယ်။ စာရွက်ဗြောင်ဆို မယူတတ်တဲ့အဖိုးနဲ့အဖွားစေတနာကို လည်း နားလည်မိတယ်။

နောက်တစ်ယောက်က မြမြထွေးတဲ့။ သူက ဆံပင်ဖွာဖွာလေးနဲ့။ ပန်းပွင့်တွေနဲ့ ကြိုးကျစ်တာ အင်မတန်တော်တဲ့ သူ့ကို သင်ခိုင်းတိုင်း စိတ်ရှည်လက်ရှည်နဲ့အမြဲသင်ပေးတတ်သူပါ။ သူနဲ့ကျွန်တော်က အသုပ်စုံကြိုက်တာချင်းလည်းတူတယ်။ သူနဲ့ပတ်သတ်ပြီး မှတ်မိစေတာက... တနေ့ ကျွန်တော်စိမ်းစားဥတွေစားပြီး အန်ပါလေရော ကျောင်းမှာပဲ။ သူက ကျွန်တော်တို့အိမ်အထိပြေးသွားပြီး မေမေ့ကိုသတင်းပေးပြီး ခေါ်လာတယ်။ကျောင်း၂ပတ်တိတိဖျက်ပြီး ဆေးကုလိုက်ရတဲ့အထိဖျားတယ်။ အဲဒီကစပြီး ခုထိ စိမ်းစားဥဆို စားလို့ကို မရတော့တာ။ ကျွန်တော် ကျောင်းပြန်တက်တဲ့နေ့မှာ သူက ကျွန်တော့်ကို ကြာပန်းခိုင်လေး လုပ်လာပေးတယ်။ ကျွန်တော် ဆယ်တန်းကျောင်းသူဘ၀မှာ သူက ကြံရိုးတွေရောင်းနေတယ်။ သူ့မောင်ငယ်လေးတွေအတွက် သူအလုပ်ထွက်လုပ်ရတယ်။ ကျွန်တော်နဲ့သူပြန်တွေ့တော့ သူပြောတယ်။ ငါနင်ကျောင်းသွားတိုင်း ငါဒီကနေ ကြည့်နေတာတဲ့။ အဲနေ့က ကျွန်တော်အိမ်ပြန်ရောက်တဲ့အထိ စိတ်ထဲမကောင်းလိုက်တာ။ ကိုယ်နဲ့အနီးဆုံးအတန်းတူတူတက်ခဲ့ဖူးတဲ့ သူငယ်ချင်းလေးဟာ တကယ့်ကိုလူကြီးလေးလိုဖြစ်နေပြီး အားငယ်နေတာကို အရမ်းကို ခံစားမိတယ်။ ကျွန်တော့်သူငယ်ချင်းလေးဟာ စာတော်တဲ့အထဲမှာ ပါပါတယ်။
အပိုင်း(ခ)

(၂)...အ.ထ.က(၁)ကျောင်းက သူငယ်ချင်း




ပထမတန်းကနေ ၃တန်းနှစ်အထိတိုင်အောင် အတွဲညီညီနဲ့တွဲခဲ့တာကတော့ ကိုဖြိုး၊ ကိုစိုး။ အောင်ခိုင်။ ကြေးမုံဝင်း။ မြသွေးနွယ်ဆိုတဲ့ သူငယ်ချင်းလေးတွေနဲ့။အတန်းတူရုံတင်မကဘဲ အိမ်နီးနားချင်းတွေဖြစ်တဲ့ ကျွန်တော်တို့တတွေဟာ အတန်းပိုင်ဆရာမ အားထားရတဲ့ လူတော်စာရင်းဝင်လေးတွေပေါ့။ (ဘာဖြစ်လဲ ကိုယ့်ဘလော့မှာကို ကြွားထည့်လိုက်တာ :P)အတန်းကျောင်းဆင်းတာနဲ့ ကိုစိုးတို့ အိမ်ဝိုင်းထဲမှာပဲ ဆရာမက ၀ိုင်းကျူရှင်သဘောမျိုး ပြန်သင်ပေးတတ်တယ်။ စနေ၊ တနင်္ဂနွေနေ့တွေဆိုရင် ဈေးနားလေးက ဆရာမတို့အိမ်အပေါ်ထပ်လေးမှာ သင်ရတယ်။ အများစုကတော့ ကျွန်တော်တို့တွေ စာမေးပွဲမေးခွန်းတွေပဲ ထိုင်ဖြေခိုင်းတာပါပဲ။ တယောက်တနေရာစီထိုင်ပြီး မတူတဲ့မေးခွန်းတွေကို ဖြေကြရတယ်။ မိန်းကလေးတန်မယ့် အားလုံးထဲမှာ ကစားမက်တဲ့ကျွန်တော့်အဖို့ သိပ်ကို ပျင်းစရာကောင်းတဲ့ နံနက်ခင်းတွေပဲ။ကျောင်းစောဆင်းဖို့ပဲ စိတ်ကသန်နေတော့ မေမေ့သူငယ်ချင်း ဆရာမ အဆူခံရတာ အများဆုံး ကျွန်တော်ပဲ။ အပြန်လမ်းတလျှောက်မှာ စက်ဘီးတွေကို မနင်းဘဲတွန်းလာပြီး စကားပြောကြတယ်။ ကျွန်တော်ကတော့ ကျွန်တော့စက်ဘီးကို သူများကို တွန်းခိုင်းပြီး လမ်းတလျောက် သူများတွေကို စလာလိုက်။ ကစားလာလိုက်နဲ့။မှတ်မိသေးတယ် အပြန်လမ်းမှာ အိမ်တစ်အိမ်က စိန်ခလုတ်။ မြခလုတ်ဆိုတဲ့ ပန်းလေးတွေက ၀န်းထရံအပြင်ကို ထွက်နေတာ မြင်လို့ ခူးမိတာကိုသူငယ်ချင်းတွေက စလို့နောက်လို့မဆုံးတော့ဘူး။ ကျောင်းဆင်းရင် သူတို့က အဖွဲ့လိုက်အော်ဆိုကြတယ်။ ပိုးသခန်း ပိုးသခန်းတဲ့။ အဲဒီတုန်းက အားကြီး စိတ်ဆိုးတာပေါ့။


လေးတန်းတက်မယ့်နှစ်မှာပဲ ကျွန်တော်က တန်းမြင့်ကျောင်းလို့ ခေါ်ကြတဲ့ အ.ထ.က(၁)ကျောင်းကို ပြောင်းရတယ်။ ကျောင်းစ အပ်တဲ့နေ့ကဆို အရမ်းရယ်ရတယ်။ကျွန်တော်က နွေရာသီတိုင်းမှာ ခေါင်းတုံးထားတာ ကျောင်းဖွင့်စရက်တွေမှာ အမြဲ ကတုံးဆံတောက်လေးနဲ့။ အဲဒီနေ့ကလည်း ဇာပေါက် လျှာထိုး (ခု ရက်ပါတွေဆောင်းတဲ့ ဦးထုပ်ပုံတွေပေါ့) အဖြူ အစိမ်းကလည်း ဘောင်းဘီရှည်နဲ့ ရှပ်နဲ့။ အမြဲတမ်းဖေဖေက ဖိနပ်ဆိုလည်း ယောက်ျားစီး သရေဖိနပ်ပဲဆင်တော့ အဲဒါနဲ့ပဲပေါ့။အတန်းရှေ့မှာ အတန်းပိုင်ဆရာမနဲ့ အဒေါ်နဲ့စကားပြောနေတုန်း အတန်းထဲက လူတွေက ကျွန်တော့်ကိုကြည့်ပြီး ယောက်ျားလေးထင်နေကြတာ။နောက်မှသိရတာလေ။ နံမည်တော့မရေးတော့ဘူး။ တရုတ်ကောင်လေးက ကျွန်တော်သူတို့အတန်းခုံမှာ လာထိုင်မှာစိုးလို့တဲ့ ပေါင်ကြီးကားပြီးထိုင်နေတာတဲ့။(အဲလို လူမြင်ချစ်ခင်ပါစေ ရုပ်ကို ပိုင်ဆိုင်ထားမှန်း သူပြောမှ သတိထားမိတာ။) ဆရာမက ကောင်မလေးတန်းကိုသွားထိုင်ခိုင်းမှ ကျွန်တော်ကို မိန်းကလေးမှန်းသိပြီးသူ့ကို ၀ိုင်းရယ်ကြတာပေါ့။ လေးတန်းနှစ်ကတည်းက ကျွန်တော့်မှာ ခေါင်းကိုက်တတ်တဲ့ ရောဂါရတာပဲ။ ရှူဆေးဘူးလေးနဲ့ ဆရာမက စာတိုင်ပေးရင် လိုက်ရေးနေရင်းစိတ်ကိုနှစ်တိုင်း ခေါင်းက တအားထိုးထိုးကိုက်တာ။ အဲဒီတုန်းက ဘေးကသူငယ်ချင်းကောင်မလေးက အမြဲတမ်းကူရေးပေးရတယ်။ တန်းမြင့်ကျောင်းကို ပြောင်းပြီး မကြာခင် မုန့်စားဆင်းချိန်မှာ မှတ်မှတ်ရရအဖြစ်တစ်ခုရှိသေးတယ်။ ပထမတန်းးက ကောင်းလေးက အတန်းဖော်ကောင်မလေးကို ရည်းစားစာပေးတာတဲ့။စာရွက်လွတ်လေးပါ။ ဒါပေမယ့် သူတို့ချင်းသိကြတယ်။ အဲ့ဒါရည်းစားစာပဲ။ အပေးခံရတဲ့ ကောင်မလေးက ရှက်တယ်ဆိုပြီး အခန်းရှေ့က အပင်ထဲကိုဝင်ပြီးငိုတယ်။ အပင်ရှေ့မှာ အဲ့ဒီကောင်လေးက ထိုင်ပြီးတောင်းပန်နေတာ။ ကြည့်ပြီး ရယ်လိုက်ရတာလေ။ ဆရာမ ဒေါ်သန်းဝင်းဆို ဆုံးမဖို့ဟာကို မျက်နှာတည်ဖို့ တော်တော်အားယူလိုက်ရပုံပဲ။ အော် အချစ်ဆိုတာ အဲဒီအရွယ်လေးမှာလည်း သူ့နည်းသူ့ဟန်နဲ့တော့ ပေါ်လာတတ်တာပဲနော်။ :) လျော့တွက်လို့တော့ မရဘူးရယ်။


၇တန်းနှစ်မှာ အတန်းထဲက ကျွန်တော်နဲ့ မျက်စောင်းထိုးခုံလောက်က သူငယ်ချင်းကောင်မလေး ဆုံးသွားတယ်။ သံစူးတာ မေးခိုင်ပိုးဝင်ပြီးဆုံးတာတဲ့။ သူု့ကိ ကျွန်တော်အမှတ်တမဲ့ပါပဲ။ မနက်အတန်းထဲမှာ ဘုရားရှိခိုးအမျှဝေပြီးတိုင်း ဘေးကိုလှည့်ကြည့်လိုက်ရင် သူက ငေးငေးလေးပဲ။ အဲဒါပဲ မှတ်မိတယ်။ သူနဲ့မျက်လုံးချင်းဆုံဖူးတာတောင်နည်းတယ်ထင်တယ်။ သူဆုံးသွားပြီးမှ ကျွန်တော်နောင်တွေရတာလေ။ လွမ်းလည်း လွမ်းတတ်လာတယ်။ ငါ ဘာလို့ သူနဲ့ မခင်လိုက်ရတာလဲလို့။ သူနဲ့ စကားပြောဖို့စိတ်ကူးဘာလို့မရှိရတာလဲဆိုပြီး သူ့နေရာလေးကို မြင်တိုင်းလွမ်းမိတယ်။ ပြီးတော့ ကျွန်တော့်ဘ၀အတွက် လူသေသွားတယ် အပြီးလမ်းခွဲလိုက်ရတယ်ဆိုတာ အဲ့ဒါပထမဆုံးပဲလေ။အဲ့ဒီကစပြီး သူငယ်ချင်းတွေကို ကျွန်တော် အမှတ်မဲ့ မထားတော့ဘူး။ အားလုံးကို ချစ်တတ်လာတယ်။ တန်ဖိုးထားလာတယ်။ သူတို့ သေသွားမှာစိုးရိမ်လာတယ်။ အိမ်က အဖွားဆို အစွဲလန်းကြီးသွားမှာစိုးလို့ ပုံတိုပတ်စတွေနဲ့ ပြောဆိုပြလိုက်တာ။ လွမ်းတယ်...:'(
၁၀တန်းနှစ်အထိ အားလုံးက ပုံမှန်ပါပဲ။ ကျွန်တော် ရဲ့ သူငယ်ချင်းတွေအကြောင်းလေးတွေကို ဖတ်ချင်ရင် ဒီပို့စ်လေးတွေမှာ တင်ထားသေးတယ်။ဖတ်ကြည့်လေ။


ဘာရယ်မဟုတ်တဲ့ စာတွေရေးနေချင်သူတစ်ယောက်ရဲ့ အတွေးနဲ့ အရေးသာဖြစ်တာမို့ တစုံတရာလိုအပ်ချက်တွေရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။

ချစ်တဲ့
✎❑уaйaит cно❒ ヅ

Saturday, December 3, 2011

(ညီမလေးဖတ်ဖို့)

လေတွေတိုက်တယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်ခေါင်မိုးက မိုးလုံနေလို့တော်သေးတယ်

နေတွေပူတယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်က ပြတင်းပေါက်တွေက လေ၀င်နေလို့ တော်သေးတယ်

နှင်းတွေကျတယ် ညီမလေး
အပြင်မသွားချင်နဲ့ကွယ်
အိမ်က မီးလင်းဖိုလေးက နွေးနေပေလို့ တော်သေးတယ်

စာတွေဖတ်ပါ ညီမလေး
အပြင်သွားချည်ကွယ်
အိမ်က အသိတွေနဲ့ မလုံလောက်မှာ စိုးလှတယ်

နေသာပါတယ် ညီမလေး
အပြင်သွားချည်ကွယ်
လူဆိုတာ နေရောင်ခြည်ထိဖို့လည်း လိုသေးတယ်

လေညှင်းမွှေးတယ် ညီမလေး
အပြင်သွားချည်ကွယ်
အာရုံတွေကို လန်းဆန်းစေဖို့ လိုသေးတယ်။

သိတိုင်းမပြောနဲ့ ညီမလေး
တတ်တိုင်း မပြနဲ့ ညီမလေး
မှန်တိုင်း မလုပ်နဲ့ ညီမလေး
မှားတိုင်း မငိုနဲ့ ညီမလေး
လဲကျတိုင်း ရှုံးတယ်မထင်နဲ့ ညီမလေး
စကားတွေနဲ့ မမှောင်စေနဲ့ ညီမလေး

အစ, စ ၊ အရာ, ရာမှာ သတိရှိပါ ချစ်ညီမလေး။
ပျော်ရွှင်ပါစေကွယ်..

(ညီမလေးဖတ်ဖို့)
ချစ်တဲ့
✎❑уaйaит cно❒ ヅ