ဗုဒ္ဓဘာသာဝင်တိုင်း အတွက်အလွန်တန်ဖိုးရှိပြီး သိသင့် သိထိုက်တာတွေပါ... အချိန်မရရင်တောင်မှ အပိုင်း (2) ရဲ့ နောက်ဆုံး 1/3 ကို နာယူကြည့်ပါ..
ဒီနေ့ နေထိုင်တဲ့ အရပ်မှာလည်း မိုးတွေ သည်းလိုက်၊ ခြိမ်းလိုက်တာ ... မနက်ကတော့ နေပွင့်လို့ အ၀တ်တွေ လျှော်ပြီးလှန်းတော့ နေပူတာများ ခေါင်းတောင်မှ မူးနေသေးတယ်.. သီတင်းကျွတ်လပြည့်နေ့က ရုံးပိတ်ရက်နဲ့ တိုက်ဆိုင်နေတော့ မနက်ကို ဘုရားဆွမ်းတော်ကပ် ပြီး အမျှဝေ၊ တရားနာဖြစ်ပါတယ်..။ မှတ်မှတ်ရရ ဒီနေ့ ကျွန်တော့်အဖွား ရဲ့ မွေးနေ့ပေါ့။ သူရှိတုန်းကတော့ ဒီလိုနေ့ ဒီလိုညတွေက ကျွန်တော်တို့အဖွားအိမ်မှာ မိသားစုတွေ အကုန်ဆုံဖြစ်ကြတဲ့နေ့လေးပေါ့။ ကျွန်တော်တို့ကလေးတွေကတော့ အဖိုးနဲ့ အဖွားကိုကန်တော့ပြီးရင် အဖွားရဲ့ ချွေးခံအိတ်လေးထဲက ထွက်လာမယ့် မုန့်ဖိုးကို မှန်းဆပြီး ပျော်နေတတ်တယ်... အဲ့လိုညတွေ အိမ်မှာလူဆုံကြတော့ အရမ်း ကို ပျော်ဖို့ကောင်းတာပါ.. ။ အဖွားနဲ့ အဖိုးလည်း ကျေနပ်တဲ့ အပြုံးလေးတွေကိုယ်စီနဲ့ပေါ့။
အို.... အဲ့လိုညတွေ ကျွန်တော်အဖို့တော့ ပြန်ရဖို့ ဝေးခဲ့ပြီဆိုတာ... နှစ်ဖက်အဖိုးအဖွားတို့ မရှိကတည်းက သိပါတယ်...။ သူတို့နဲ့ အတူနေတဲ့ ကျွန်တော့်အဖို့တော့ တခြားမြေးတွေထက် ပိုခံစားရပါတယ်..။ ဒီနေ့ည အဖေနဲ့အမေဆီဖုန်းဆက်ဖြစ်တော့လည်း အဖေ့ကို မေးရတယ်.. အဖွားမွေးနေ့ကို မှတ်မိလားလို့။ ပြောမယ့်သာပြောတာပါ.. အဖေနဲ့အမေလည်း တစ်ကွဲစီ ရောက်နေကြတဲ့ သားသမီးတွေကို အမှတ်ရနေတာပဲဆိုတာ....။ ဒီနေ့လို လူကြီးတွေကို သွားကန်တော့ခဲ့တဲ့ အဖေနဲ့အမေ အသိဆုံးပဲလေ...။ ဖုန်းခေါ်ရတာခက်လိုက်တာမှတ်တယ်..။ ကျောက်ပန်းတောင်းမှာလည်း မုန်တိုင်းဒဏ်နဲ့ မြို့ထဲ အပင်ကြီးတော်တော်များများ လဲနေတယ်တဲ့။ ဓာတ်ကြိုးတွေ ပြတ်ကုန်လို့ မီးတောင် သုံးရက်လောက် ပျက်မယ်တဲ့။ ဖုန်းလိုင်းတွေလည်းနေရာအများအပြားမှာ ပြတ်နေပါတယ်။လွမ်းတာတော့ လွမ်းတာပေါ့။ သတင်းလေးတစ်ခု ကျောက်ပန်းတောင်းအသင်း ကနေတွေ့လို့ ဆွဲလာတယ်.. ဒီမှာဖတ်ကြည့်ကြပါနော်...။
မနေက တနေ့လုံး ရခိုင်ပြည်နယ်ကို ၀င်မွှေနေတဲ့ ဂီရိဆိုင်ကလုန်းဟာ ဒီနေ့မှာတော့ အားလျော့လာပြီး မနက် ၅ နာရီမှာ မုန်တိုင်းငယ်အဖြစ်နဲ့ မန္တလေးတိုင်းကို ၀င်နေပြီလို့ သိရပါတယ်။
ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်အပြည့်အစုံကို ဖော်ပြပေးလိုက်ပါတယ်
မနေ့ညက Category II ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး GIRI ဟာ ညက အရှေ့မြောက်ဖက် ယွန်းယွန်းကို ရွေ့လျားလmရင်းနဲ့ အားလျော့လာခဲ့ကာ ဒီကနေ့ (၂၃-၁၀-၂၀၁၀) နံနက်(၅)နာရီမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းအတွင်းကို ရောက်ရှိနေပါတယ်။
(၂၃-၁၀-၂၀၁၀) ရက်နေ့ နံနက်(၅)နာရီအချိန်မှာ အောက်ပါ အတိုင်းသုံးသပ်ရပါတယ်။ (၁) GIRI ဟာ အာလျော့သွားခဲ့ပါတယ်။ (၂) ကုန်းတွင်းကိုလည်း ၀င်ရောက်ခဲ့ပါတယ်။ (၃) ပျက်ပြယ်သွားခြင်းမရှိဘဲ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။ (၄) မနက်(၅)နာရီမှာ 20.5°N 94.5°E မန္တလေးတိုင်း အလယ်လောက်မှာဗဟိုပြုနေပါတယ်။ (၅) လေတိုက်နှုန်း တစ်နာရီ(၃၀-၃၅)မိုင်နှုန်း လောက်တိုက်ခတ်နိုင်ပြီး တစ်ခါတစ်ရန် တစ်နာရီ(၄၀-၄၅)မိုင်နှုန်းလောက်အထိရှိနိုင်ပါတယ်။ (၆) အရှေ့မြောက် ယွန်းယွန်းကို ဆက်ရွေ့ရင်းနဲ့ ဒီကနေ့ညနေလောက်အထိ ဆက်လက်တည်ရှိနိုင်ပါတယ်။ (၇) တဖြည်းဖြည်း အားလျော့သွားနိုင်ပါတယ်။ (၈) ရခိုင်ပြည်နယ်မှာ မိုးတိမ်တွေရှိနေဆဲဖြစ်ပါတယ်။
အဲ.. ကုန်းထဲရောက်ပြီးနောက်ထပ်တစ်ရက်လောက် (၂၃-၁၀-၂၀၁၀)ညနေအထိ ရှိနေဦးမှာမို့ ကုန်းတွင်းပိုင်းဒေသတွေ (မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း)မှာ မိုးတော့ရွာဦးမယ်လို့ ခန့်မှန်းကြောင်းပါဗျာ။
MCCW
Updated on 23-10-2010 at 06;30 MST)
ဒေါက်တာထွန်းလွင်ရဲ့ ခန့်မှန်းချက်အတိုင်းသာဆိုရင် မကွေး ၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ ပြည်သူတွေ အထူးသတိရှိ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
ကဲ အားလုံးလည်း သီတင်းကျွတ်နေ့ထူးနေ့မြတ်လေးမှာ ပျော်ရွှင်နိုင်ကြပါစေ... အပျိုကြီး၊ လူပျိုကြီးများလည်း ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...
ချစ်တဲ့
(ရနံ့ချို)