တဖြည်းဖြည်းအချိန်ကြာလာတော့ ရုပ်ရည်သန့်ပြန့်ပြီး အပြောကြွယ်တဲ့ သူ့ကို မိုးမေ မျက်စိစုံမှိတ်ပြီး ချစ်သက်ဝင်ခဲ့တော့တယ်။ ဆွေမျိုးတွေသိသွားကြတော့ တယောက်တပေါက်နဲ့ သူ့ကို ဝေဖန်ကြပြီး မိုးမေတို့ချစ်ခြင်းကို ခွဲဖို့ ကြံကြတယ်။ သူပြောတာလည်း ဖြစ်နိုင်တယ်။ (မင်းဆွေမျိုးတွေကမင်း အမွေတွေသိမ်းချင်နေတော့ မင်းအိမ်ထောင်ပြုသွားမှာ စိုးရိမ်နေကြတာ။ အေး မင်းလည်း ငါ့ကို ချစ်တယ်သာပြောတာ။ ခု တွေဝေနေပြီမလား) ဆိုပြီးအချစ်စမ်းစကားဆိုလာပြန်တော့ ဘယ်ရမလဲ။ မိန်းမတံခွန် အလံသာမထူရင်နေမယ်။ အချစ်မှာတော့ ရာဇ၀င်တွင်ချင်သားပဲ။ မိုးမေ စုံကန်းပြီ။ အတင်းယူပြီးသူမအိမ်မှာ လာစောင့်ရှောက်ပေးနေသူတွေကို အကုန်နှင်ချပြီး အချစ်အတွက် သက်သေတွေ ထူပြရခဲ့ပြန်တယ်။ အစကတော့ မိုးမေတို့ မိုးမမြင် ၊ လေမမြင်ပါပဲ။ အိမ်မှာလည်း သူ့သူငယ်ချင်းတွေလာလည်ကြ နဲ့ပျော်စရာပင်။ ဒါပေမယ့် တဖြည်းဖြည်း သူ့သူငယ်ချင်းတွေက အနေများလာတဲ့အပြင်အိမ်မှာ သောက်ကြ၊ စားကြနဲ့ ပြန်တယ်ရယ်ကို မရှိသလောက်ဖြစ်လာတော့ မိုးမေ တစ်ယောက် အိမ်ဦးစီး ချစ်သူကို အားထားပြီး ရင်ဖွင့်ပြောရလေတယ်။အစ လင်မယား ကတောက်ကဆဖြစ်ရုံကနေ လက်ပါ ခြေပါ သူက ဖြစ်လာတော့ မိုးမေ ရင်နာရပြန်တယ်။ ဒါပေမယ့် မိုးမေတို့ မိန်းမတွေက လင်ကို ဘုရားအဆိုနဲ့ အညီ လိမ်မာပြပြီး ကိုးကွယ်မြဲ ကိုးကွယ်ခဲ့တယ်။ နောက် တဖြည်းဖြည်း အသောက်အစားအပြင်။ လောင်းကစားလေးပါ ဖက်လာတော့ အိမ်က ပစ္စည်းတွေအကုန်ပြောင်သလောက်ဖြစ်လာတဲ့အပြင်။ သူမမှာလည်း ကလေးကရှိလာပြန်တော့ မျက်ရည်ခံထိုးပြီး လင်ဖြစ်သူကို အားကိုးပြီး တိုင်တည်ရတော့တယ်။သူ့အကြံအစည်အတိုင်း မောင်တစ်ထမ်းမယ်တစ်ရွက် စကားဖြစ်အောင် သူမတို့ လမ်းထိပ်မှာပဲ ကွမ်းယာဆိုင်ကို သူကဖွင့်ပြီး ၊ သူမကတော့ တစ်သက်တခါမျှပင်စိတ်မကူးခဲ့ဘူးတဲ့ အသုပ်စုံသည်မ ဘ၀ကို ပျော်ပျော်ကြီး လက်ခံခဲ့ပြန်ရတယ်။ မြင်းလည်းဂိတ်မှာမို့ သူမတို့ဆိုင်လေးက အမြဲစည်ကားပြီး ရောင်းလို့ကောင်းသားပင်။
ဒီလိုနဲ့ ကိုယ်ဝန်က နေ့စေ့လစေ့ဖြစ်လာတယ်။ ဆိုင်ဖွင့်ပြီး လအနည်းငယ်ကြာလာတော့ ကိုယ်တော်ချောက ဗွေဖောက်ပြန်ပြီ။ ဆိုင်မှာ ထိုင်ရတာ ပင်ပန်းတယ်ဆိုပြီးအိမ်မှာပင် နေတော့ ။ သူမတစ်ယောက်တည်း ကွမ်းယာလိုက်။ အသုပ်နယ်လိုက် ဇယ်ဆက်သလို လုပ်ရတယ်။ ဆိုင်သိမ်းချိန်အမှီ သူပြန်လာရင် သူမကျေနပ်နေမြဲ။ချစ်တာကိုး။ ကလေးလေး အရွယ်နည်းနည်းရတော့ နောက်တစ်ယောက် ထပ်တိုးလာပြန်တော့ မိုးမေ အလုပ်ကြိုးစားရပေမပေါ့ဆိုပြီး သူမ ရပ်ကွက်ထဲက ပုလင်းခွံတွေ။သတင်းစာဟောင်းတွေ လိုက်သိမ်းပြီး ဆိုင်နားမှာပင် လိုက်ကောက်ပြီး ပြန်ရောင်းရပြန်တယ်။ ကလေးနှစ်ယောက်ကိုတော့ အိမ်မှာပင် သူတို့အဖေထိန်းဖို့ဆိုပြီး သူမဆိုင်မထွက်ခင် အကုန်ချက်ပြုတ်ပြီး အဆင်သင့်။ ယောက်ျားဖြစ်သူအပျင်းပြေဖတ်ဖို့ သိုင်းစာအုပ်လေးတွေငှားပေးခဲ့ပြီး သူစွဲနေပြီဖြစ်တဲ့ အရက်လေးတောင် ၀ယ်ပေးခဲ့တယ်။ သူက အိမ်မှာဆိုတော့ ပျင်းမှာစိုးရိမ်မိတယ်။ ကလေးထိန်းတာပင် ကျေးဇူးတင်မိရတယ်။ ဒီလိုနဲ့ .... မိုးမေတစ်ယောက် ဖိုသီဖတ်သီဘ၀မှာ မိဘတွေလက်ထက်က တမြတ်တနိုးထားလာတဲ့ ဆံပင်တွေဆိုတာလည်း သားလေး နေမကောင်းဖြစ်တော့ ဆေးဖိုးရအောင် သူမကိုယ်တိုင် ဖြတ်ရောင်းပစ်ခဲ့ရတယ်။ သူမ မနှမြောခဲ့။ နောင်တဆိုတာ ဝေလာဝေး။ ရင်မှဖြစ်သော သားအတွက်ကိုး။ ဘာတစ်ခုမှ သုံးစားမရသော လင်တော်မောင်အတွက် စိတ်တိုင်းမကျဖြစ်ပေမယ့် သူမ အချစ်မလျော့ခဲ့ပေ။ နားလည်စိတ်နဲ့ သားလေးတို့အဖေအဖြစ်လည်း သူမ ကိုးကွယ်မြဲသာ။ ရက်တွေသာကြာလာခဲ့တယ်။ သူမဆိုင်လေးလည်း တိုးတက်လာရမယ့်အစား တဖြည်းဖြည်းခါးကျိုးစပြုလာခဲ့ပြီမို့။ သူမကိုယ်တိုင်ပစ်ထားမိသော ဆွေမျိုးတွေကိုသာ အားကိုးစရာရှိပေတော့တယ်မလား။ ဒီကြားထဲမှာ ယောက်ျားလုပ်သူရဲ့ မူးလာတိုင်း ရိုက်နှက်မှုတွေနဲ့ မိုးမေဆိုတာ အရင်က မြင်ဖူးသူတွေအဖို့ မှတ်မိရက်စရာပင် မရှိတော့ပေ။
ဒီလိုနဲ့ပင် အမျိုးတွေအိမ်သို့ ၀င်ထွက်ရင်း အ၀တ်လျှော်သည်မ ဘ၀ ရောက်ခဲ့ပြန်လေတယ်။ သူများဆီကလည်း အလကားမယူချင်တဲ့ သူမရဲ့ မရှိမာနနဲ့ အမျိုးတွေအိမ်မှာ ကူလုပ်ပေးရင်း အ၀တ်တွေ လျှော်ပေးရာက ရသော ပိုက်ဆံနှင့် သူမ အိမ်စားရိတ်အပြင် လင်ဖြစ်သူ အရက်သမားအတွက် အရက်ဖိုးရအောင် ရှာရလေတော့သည်။ တစ်အိမ်ဝင် တစ်အိမ်ထွက်နှင့် သူမအ၀တ်တွေလျှော်ခဲ့ရင်း သားနှစ်ယောက်နဲ့ ယောက်ျားဖြစ်သူအတွက် ၀မ်းဝစေရုံအပြင် ခါးလှအောင်ပင် ဆင်နိုင်အောင် သူမ ခါးချိအောင် အ၀တ်တွေ တစ်အိမ်ဝင် တစ်အိမ်ထွက် လျှော်ခဲ့ရတယ်။ ကြည့်မနေနိုင်သော အမျိုးတွေက ကူညီစောင်မကြည့်ရှူပေးခဲ့ကြပေမယ့် လူဆင်းရဲ တစ်အိမ်ထောင်ကို လူချမ်းသာ ဆယ်အိမ်ထောင်က ၀ိုင်းမလို့ မနိုင်ဆိုတဲ့စကားအတိုင်းပဲ နောက်ဆုံး ဒုံးရင်းက ဒုံးရင်းအတိုင်းဖြစ်ခဲ့တာချည်းပင်။ ကာယကံရှင် သူမကိုယ်တိုင်က လင်သားဖြစ်သူကို မြတ်နိုးစုံမက်လွန်းသူမို့ မျက်စိစုံကန်းခဲ့လေပြီ။ ယောက်ျားဖြစ်သူ မူးလာတိုင်း ထိုးကြိတ်နှိပ်စက်ထားတဲ့ မျက်နှာနဲ့ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်နေမြဲ။ အမျိုးတွေက မခံနိုင် မရပ်နိုင်ဖြစ်ပြီး သက်ဆိုင်ရာမှာတိုင်တန်းပြီး လင်မယားကွာရှင်းဖို့ အထိ ၀ိုင်းဝန်းကြပြန်တော့ လင်ချစ်မ မိုးမေ တစ်ယောက် အမျိုးတွေဆီ ခြေဦးပင်မလှည့်တော့။ လက်ကြောမတင်းသည့်အပြင် အသောက်အစားမက် အိမ်ထောင့်တာဝန်မပြောနှင့် မိသားစုကိုပင် တွယ်တာမှုမရှိတော့သော ယောက်ျားဖြစ်သူရဲ့ ခြေလှမ်းတွေကို ကြည့်ပြီး သူမ ရင်နာရုံမှလွဲပြီး တိုင်ပင်ရန် ရင်ဖွင့်ရန် လူမရှိနေတော့ပြီမို့ ဒူးနဲ့မျက်ရည်သုတ်နေပြီး သူမ ရုန်းကန်နေခဲ့ရမြဲ။ သူမကိုယ်တိုင် လူရုပ်မပေါ်တော့ပေမယ့် သားနှစ်ယောက်ကို သူမ ကျောင်းထားချင်သည်။ ရှင်ပြုအလှူပေးချင်သေးသည်။. မိဘတွေကိုသာ တမ်းတမိပြီး သူမ ညစဉ် ငိုကြွေးပူဆွေးနေရတော့တာလည်း ကြာခဲ့ချေပြီ။ ရက်တွေနှစ်တွေအလီလီပြောင်းခဲ့သလို အိမ်ဦးနတ်အဖြစ် ကိုးကွယ်ခဲ့သူက တခြားမှာ ပျော်ပါးနေပြီမို့။ သူမအနေနှင့် ဘာများတတ်နိုင်မှာတဲ့လဲ။ သားနှစ်ယောက်အတွက် သူမ ကြိုးစားရုန်းကန်ရင်း အပူရုပ်ကို ဟန်လုပ်ဖို့တော့ သူမ မတတ်နိုင်ခဲ့ချေ။ သားတွေကိုလည်း ကျောင်းမထားနိုင်ခဲ့။ ၀မ်းရေးက အရေးကြီးခဲ့ပြီမို့လား။ တနေ့မှာတော့ သူမအ၀တ်လျှော်နေစဉ် အိမ်ရှေ့က သီချင်းသံအပြင်လူတွေပါ ၀ိုင်းကြည့်နေကြသဖြင့် သူမအသာနားစွင့်ရင်း စိတ်ရဲ့ စေ့ဆော်မှုနဲ့ အိမ်ရှေ့သို့ ရောက်သွားရာတွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် အသားတွေ တဆက်ဆက်တုန်လာပြီး မျက်စိတွေပါ ပြာဝေသွားရတော့သည်။ သူမသတိရလိုက်ချိန်တွင် သူမလက်ထဲမှာ အ၀တ်လျှော်တုတ်မှာ သွေးများပေနေပြီး သူမရှေ့မှာလည်း ပြူးကျယ်နေသောမျက်ဝန်းတွေနှင့် သူမကို စိုက်ကြည့်နေသော အသက်ပျောက်နေသောသူ... သူမချစ်သော လင်။ သားအကြီးဖြစ်သူ ကို မိန်းကလေးအ၀တ်အစားတွေဝတ်ပြီး သူ အရက်ဖိုးရရေးအတွက် လမ်းတကာလည်ပြီး ကပြခိုင်းကာ ပိုက်ဆံရှာနေတာ ဘယ်လောက်တောင်ကြာနေပြီတဲ့လဲ။ ကလေးတွေက သူတို့အဖေက ဘာတွေပြောပြီး ခြိမ်းခြောက်ထားလည်း မသိ သူမ တကယ် ဘာမျှ မသိခဲ့ချေ။ မိုးမေဆိုသော သူမဘ၀အောက်ကျ ခဲ့ရုံမက သူ့အတွက် သားတွေကိုပါ လူတွေတံတွေးပက်လက်မျောခဲ့ရတော့ သူမ အသိစိတ်တွေပျောက်ကာ ။ လက်ထဲမှာပါလာသော အ၀တ်လျှော်သည့်တုတ်နှင့် ချစ်ခဲ့မိသော လင်ဖြစ်သူကို တစ်ချက်ပြီး တစ်ချက် ရိုက်ခဲ့မိတော့သည်။ ၀ိုင်းကြည့်နေသောလူတွေ ၀ိုင်းဆွဲဖို့သတိမေ့လောက်အောင်ကို သူမ နာကျည်းစွာ အသက်ပျောက်တဲ့အထိ ရိုက်မိခဲ့တော့သည်။ သားဖြစ်သူကိုလည်း သူမအ၀တ်တွေချွတ်စေခဲ့ပြီး မျက်နှာပေါ်က လင်ဖြစ်သူမယားငယ် ပြင်ဆင်ပေးလိုက်သော မိတ်ကပ်များကိုပါ ဖျက်စေခဲ့ပြီး။ သားတွေကို ဆွေမျိုးတွေဆီအပ်ပြီး သူမ ကတော့ တရားခွင်က ဆုံးဖြတ်သည့်အတိုင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံရတော့ပေသည်။ သံသရာ အဆက်ဆက် လူဖြစ်ခဲ့ပါက မျက်စိစုံမှိတ်ပြီး လင်ချစ်မဘ၀အဖြစ်မှ ကင်းဝေရပါလို၏ ဟုသာ သူမ ဆုတောင်းမိပါတော့သည်။ ....
တွေးဆဆင်ခြင်နိုင်ကြပါစေ။ အဖြစ်မှန်တစ်ခုကို ကျွန်တော် တတ်နိုင်သလောက် ရေးပြီး ပို့စ်တစ်ခုအနေနှင့် ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အဆင်ပြေတဲ့ ဘ၀ကိုယ်စီ ရပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။ချစ်တဲ့
✎❑уaйaит cно❒ ヅ
