"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Friday, August 31, 2012

နှုတ်ဆက်မျက်ရည်


မင်းလိုအင်တွေ ကိုယ်တတ်စွမ်းသမျှ ဖြည့်စွမ်းကာ
မင်း အဖော်လိုရင် ကိုယ်ဟာ အနားမှာ အစဉ်အမြဲပဲ
အရာရာ မင်းအတွက် ပေးဆပ်ကာ ရှင်သန်လာတယ် မင်းဘက်မှာ
မင်းလေးကို ခင်တွယ်လွန်းသူပါ....

မင်းပျော်မယ်ဆို လိုရာခရီး မင်းသွားလိုက်ပါ
အထီးကျန်ညများ ကိုယ်ကျေနပ်စွာ ခံယူမယ်
အိပ်မက်များနဲ့ မင်းအကြောင်းတွေ
ရှာဖွေနေမယ် မင်းသတင်းတွေ
မသိစိတ်မှာ အစဉ်ထာဝရပါပဲ...

ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့
ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း အနမ်းတွေကြွေခဲ့ပြီ.....

ဘ၀ဆိုသည်မှာ အန္တရာယ်များနဲ့ ကစားခြင်းပါ
အမှားအမှန်တွေနဲ့ အနိုင်နဲ့အရှူုံးဟာ ရှိစမြဲပါ
ခံယူပါမယ် အရှုံးဘက်မှာ အနိုင်ယူနေပါ မင်းဘက်မှာ
မင်းဘ၀ကို ကိုယ်လေနားလည်မယ်....

ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့
ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း အနမ်းတွေကြွေခဲ့ပြီ.....

မင်းလိုအင်တွေ ကိုယ်တတ်စွမ်းသမျှ ဖြည့်စွမ်းကာ
မင်း အဖော်လိုရင် ကိုယ်ဟာ အနားမှာ အဆင်သင့်ပဲ
အရာရာ မင်းအတွက် ပေးဆပ်ကာ ရှင်သန်လာတယ် မင်းဘက်မှာ
မင်းလေးကို ခင်တွယ်လွန်းသူပါ....

မင်းပျော်မယ်ဆို လိုရာခရီး မင်းသွားလိုက်ပါ
အထီးကျန်ညများ ကိုယ်ကျေနပ်စွာ ခံယူမယ်
အိပ်မက်များနဲ့ မင်းအကြောင်းတွေ
ရှာဖွေနေမယ် မင်းသတင်းတွေ
မသိစိတ်မှာ အစဉ်ထာဝရပါပဲ...

ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့
ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း အနမ်းတွေကြွေခဲ့ပြီ.....

ဘ၀ဆိုသည်မှာ အန္တရာယ်များနဲ့ ကစားခြင်းပါ
အမှားအမှန်တွေနဲ့ အနိုင်နဲ့အ
ရှုံးဟာ ရှိစမြဲပါ
ခံယူပါမယ် အရှုံးဘက်မှာ အနိုင်ယူနေပါ မင်းဘက်မှာ
မင်းဘ၀ကို ကိုယ်လေနားလည်မယ်....

ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း ငိုမယ်မတားနဲ့တော့
ဒါဟာနှုတ်ဆက်မျက်ရည် ဒါဟာ လမ်းခွဲမျက်ရည်
ဒီမျက်လုံး ဒီနှုတ်ခမ်း အနမ်းတွေကြွေခဲ့ပြီ.....

Thursday, August 30, 2012

♥'ဟာကွက် '♥


ဘာ့ကြောင့်ဘယ်လို ဆုံးရှုံးခဲ့
ဖြစ်ချိန်နဲ့ ပျက်ချိန်နှစ်ခုအကြားက
ဝေးကွာမှုတွေအကြောင်း♥

နံမည်လေးတစ်ခုကို တီးတိုး ရွတ်မိတာနဲ့
မိုးစင်စင်လင်းသွားခဲ့
သက်ဆိုးရှည်တဲ့ အလွမ်းညတွေအကြောင်း
♥

တေးသွားကာရန်တွေကြားက ရင်မှာအကြိမ်ကြိမ်ပဲ့တင်ထပ်
မပီပြင်ဝိုးတ၀ါး အသံတိုးတိုးတစ်ခုကြောင့်
အသက်ရှူခက်စွာ အနေခက်တဲ့ နေ့စွဲတွေအကြောင်း♥

လူတစ်ယောက်က လူတစ်ယောက်ကို
ဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာ
တိတ်တိတ်ကလေး စောင့်ကြည့်ရင်း
တူးခတ်မိတဲ့ စာမျက်နှာတွေအကြောင်း
♥

သူ့အရွက်နှစ်ခု ဒီမြေပေါ်မှာ ရှိနေတာ မသိသွားခဲ့တဲ့
သေသွားတဲ့ စွယ်တော်ပင် အောက်က ညနေခင်းတွေအကြောင်း♥

လေပြည်ညင်းတို့ အေးစက်
မနက်တိုင်းနင်းဖြတ်ခဲ့တဲ့ ပန်းဝါ၀ါတွေရှေ့ရောက်တိုင်း
ဟာနေတဲ့ ရင်နဲ့ တိုးတိုးလေး နှုတ်ဆက်ခဲ့ရတဲ့
အထီးကျန်တဲ့ မနက်ခင်းတွေအကြောင်း
♥

ဇာတ်ကြောင်းကို အပြန်ပြန်အလှန်လှန် သုံးသပ်ရင်း
ကိုယ်တိုင်မဖြေနိုင်တဲ့ မေးခွန်းတွေနဲ့
ချောင်ပိတ်မိနေတဲ့ အတွေးပိုင်းတွေအကြောင်း
♥
ဒီခပ်ရိုင်းရိုင်း သက္ကရာဇ်တွေကို ပြန်တူးဖော်ရုံနဲ့
အမြစ်မသေတဲ့ တမ်းတနာက တဆစ်ဆစ်ကိုက်တယ်
တိတ်ဆိတ်ခြင်းတွေထဲက ထွက်လာတဲ့ ဒီအလွမ်းမြစ်
ဘာမှမဖြစ်သလို ဝေ့၀ဲပစ်လိုက်ဖို့ကျ ငြင်းဆန်လို့မရခဲ့ဘူး

ဒါပေမယ့်..♥♥♥
ဟာကွက်တစ်ခုကို အကြောင်းပြုရင်း
တစ်ယောက်နဲ့ တစ်ယောက် အပြန်ပြန်အလှန်လှန်
တိုက်ခိုက်ပြီးမှ အကောင်းတစ်ခုလို ပြန်သစ်လွင်တာဆိုလို့
ဟောဒီလောကမှာ အလွမ်းဆိုတာပဲ ရှိတယ်လို့ ကိုယ်ထင်တယ်။
♥
ချစ်တဲ့
✎❑уaйaит cно❒ ヅ

27.06.2012

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။ ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။

မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ကိုချစ်တဲ့အခါ ကိုယ့်အတွက် ရည်စူးပြီး ဝယ်လာတဲ့ တစ်စုံတစ်ခုကို အလွန် တန်ဖိုးထားတယ်။ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီပေမယ့် သူများကို မပေးရက်ဘဲ ဗီရိုထဲမှာ သိမ်းထားတော့တယ်။ သူက မေးရင်တော့ ပေး လိုက်ပြီပေါ့လို့ ပြောလေ့ရှိတယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ကြိုက်တတ်တဲ့ ပန်းလို့ ထင်ပြီး တခြားပန်းတွေ ပွင့်နေတဲ့ သစ်ပင်ကို ဓာတ်ပုံတွေ ရိုက်လာတယ်။ “မင်းအတွက် မင်းကြိုက်တဲ့ပန်းတွေ တွေ့လို့ ကိုယ်ဓာတ်ပုံ ရိုက်လာတာ” လို့ ပြောတယ်။ “ဟင် ဒီ ညမွှေးပန်းကို မေ ကြိုက်တယ်လို့ ဘယ်သူက ပြောလဲ” “ဟိုတစ်ခါ မေပြဖူးတဲ့ ပန်းလေ၊ မေ သိပ်ကြိုက်တယ်ဆို၊ မွှေးလည်း သိပ်မွှေးတယ်ဆို” သူမက ရယ်မောပါတယ်။ “အဲဒီပန်းက ဧကရာဇ်ပန်းကွယ့် ဒီပန်း မဟုတ်ဘူး၊ အပင်ချင်းလည်း မတူဘူး၊ ဟိုက အပင်ကြီး၊ ဒါက ချုံပင်၊ သိလား” “အို ဒီပန်းလည်း လှတာပဲကွနော်၊ မွှေးလိုက်တာလည်း အလွန်ပဲ၊ ညမှ ပွင့်လို့ ကိုယ်ညအချိန် အဲဒီရှေ့ကို သွားပြီး ခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတာ၊ အောင်မာ ပန်းလေးတွေတောင် ကောက်လာခဲ့သေးတယ်၊ စာအုပ်ကြားမှာ ညှပ်ယူခဲ့တာ” လို့ မရမက ပြောရင်း ရယ်မော လိုက်ရုံပဲ ရှိပါတော့တယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ သွားလေရာမှာ သူကြိုက်တတ်တဲ့ စာရေးဆရာရဲ့ စာအုပ် တွေကို အားပါးတရ ဝယ်မိတော့တာပါပဲ။ သူမ ဝယ်သမျှက ဘယ်တော့မှ မမှားစေရဘူး။ သူ့ကို မပေးရခင် ဖတ်ရင်းလည်း စာအုပ်တိုင်း စာမျက်နှာတိုင်း စာကြောင်းတိုင်းဟာ သူ့မျက်နှာ၊ သူ့စကား၊ သူ့အသံတွေလိုပဲလို့ ခံစားလိုက်မိတယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ သူခရီးဝေးကနေ သူ့အတွက် သူပဲ စာအုပ်တွေ ဝယ်ပြီး ပြန်လာ တဲ့အခါ သူမက သူဝယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကောက်ကိုင်ကြည့်ပြီး “ဒီစာအုပ်က ရှင့်မှာ ရှိပြီးသားလေ” လို့ သတိပေးနိုင်ခဲ့တယ်။ သူကတော့ မှား ဝယ်မိတာကို ဝန်မခံချင်တော့ အပြုံးမပျက် “ဟုတ်တယ်၊ ဒီစာအုပ်က ကောင်းလွန်းတော့ နှစ်အုပ်လောက် ရှိရင် ပိုအဆင်ပြေတယ် မဟုတ်လား” လို့ပဲ ပြောလိုက်ရပါတယ်။ ယောက်ျားတစ်ယောက်က

မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မိန်းမ အတွက်လား သူ့အတွက်လား ကိုယ့်ကိုယ်ကိုယ် မသေချာဘဲ ခရီးဝေးကြီးကို အချိန် အကြာကြီး သွားပြီး အလုပ်တွေ လုပ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ရပ် ဝေး ကို ရောက်နေတိုင်း နေ့စဉ်လိုလို တယ်လီဖုန်းနဲ့ လှမ်းဆက်ပါတယ်။ “ကိုယ် မင်းကို လွမ်းလှပြီ” လို့ လှိုက်လှိုက်လှဲလှဲ ပြောတတ် တယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ကိုယ် မင်းကို လွမ်းလှပြီ ဆိုတဲ့ စကားရဲ့နောက် အနည်းဆုံး ခြောက် လ၊ တစ်နှစ်တော့ ထပ်ဝေးနေရဦးမယ် ဆိုတာ သူမက အလိုလို သိလိုက်ပြီးသား ဖြစ်ပါတယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ပိုက်ဆံကုန်တဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို ငြိုငြင်လေ့ ရှိပါ တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ တစ်ယောက် တစ်နယ်စီ ခြားလို့ မတွေ့ရ မမြင်ရ ကြာလာရင် သူမ အင်တာနက် သုံးနေတဲ့အချိန် သူ့ကို အွန်လိုင်းမှာ တွေ့ဆုံနှုတ်ဆက်ရုံမက စကားတွေ မဆုံးတမ်း ပြောနေချင်တယ်။ “နေကောင်းလား” “ထမင်းစားပြီးပြီလား” “မောင့်ကို လွမ်းတယ်” ဒီစကားတွေကို ရေးတတ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ အခါ အွန်လိုင်းမှာ တွေ့ပြီး “ဟေး နေကောင်းလား” လို့ တစ်ခွန်း နှစ်ခွန်းလောက် နှုတ်ဆက်ပြီးတော့ သူ့အလုပ် ကိစ္စတွေကို မနားတမ်း စာပြန်နေတာမျိုး၊ စာရေးနေတာမျိုး လုပ်တတ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ “ကိုယ့်ကို လက်ထပ်တော့မလား” လို့ သူမရဲ့ ဆန္ဒကို ဦးစားပေး သလို မေးလေ့ရှိတယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ မောင့် ဆန္ဒအတိုင်းပဲပေါ့လို့ ရှက်စနိုးနဲ့ ပြန်ဖြေလိုက်တယ်။ ဒါဖြင့် “မေ့ ဆန္ဒကရော”လို့ မေးရင် “မေ့ဆန္ဒက မောင့်ဆန္ဒပါပဲ” လို့ ဖြေတယ်။ “ကိုယ်သိပြီ၊ မင်း ကိုယ့်ကို လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်လည်း ကိုယ်နားလည်ပါတယ်” လို့ သူက ပြောတယ်။ “ဘယ်သူက အဲလို ပြောလို့လဲ” လို့ သူမက နာကျင်မှုကို ဖုံးကွယ်ပြီး မေးတော့ “မင်းကို ကိုယ် အသိဆုံးပေါ့၊ မေ ကိုယ့်ကို အားနာနေတယ် မဟုတ်လား” လို့ ပြောတယ်။ “ဟုတ်တယ်၊ တကယ်တော့ မောင့်ကို ကျွန်မ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ တော်တော်နဲ့လည်း အဆင်သင့်ဖြစ်မှာ မ ဟုတ်ဘူး” လို့ သူမက ပြောလိုက်ရင် သူက ယုံတတ်တယ်။ အဲဒီစကားကို သူက မျက်နှာပျက်သွားတယ်။ နာကျင်တဲ့ဟန်ကို မဖုံးကွယ် ဘူး။ “မင်း ကိုယ့်အပေါ် မကြိုက်တာတွေ ဘာရှိလဲ” လို့ သူက မေးတယ်။ “အို အများကြီးပဲပေါ့” လို့ သူမက ဖြေတယ်။ “ဟိုဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား၊ မင်းနဲ့ ပတ်သက်လို့ ကိုယ်မုန်းတဲ့ အချက် ၁၀ ချက်ဆိုတဲ့ ဇာတ်ကားလေ၊ အဲဒီ ကောင်မလေးက ၁၀ ချက်ပဲ ရှိတယ်၊ ကျွန်မက အချက် ၂၀ လောက် ရှိတယ်၊ ရွတ်ပြရမလား”

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မကြားချင်ဘူးလို့ မပြောရက်ဘဲ မချိပြုံးနဲ့ သူမ ပြောသမျှကို နား ထောင်ဖို့ ကြိုးစား ကြည့်တတ်ပါတယ်။ “ငွေ အသုံးအဖြုန်း ကြီးတာကို ကျွန်မ မကြိုက်ဘူး၊ ကတိတွေ ပျက်ကွက်တာကို ကျွန်မ မကြိုက်ဘူး၊ ကျွန်မနဲ့ မောင်ရဲ့ နှစ် ယောက်သား ဆက်စပ်မှု အခြေအနေကို သူငယ်ချင်းတွေကိုတောင် အမှန်အတိုင်း ဖွင့်မပြောဘဲ သူငယ်ချင်း အဆင့်လိုလို ဘာလိုလိုနဲ့ ဖုံး ကွယ် လျှို့ဝှက်ထားတာကို ကျွန်မ မကြိုက်ဘူး၊ လူရှေ့ သူရှေ့မှာ ကျွန်မကို မျက်နှာတည်ကြီးနဲ့ ဘာမှ မဆိုင်သလို စကားပြောတတ်တာ ကို ကျွန်မ မကြိုက်ဘူး၊ မကြိုက်ဘူး မကြိုက်ဘူး မကြိုက်ဘူး . . . တွေ အများကြီးကို ဆုံးအောင် သူ နားမထောင်နိုင်တော့ပဲ တစ်ချက် ချင်းကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ သူမကလည်း သူမ အမှန်။ သူကလည်း သူ အမှန်။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်း စကားများတဲ့အခါ နောက်ဆုံးတော့ သူက “ကိုယ် အင်တာနက်ဆိုင် သွားလိုက်ဦးမယ်” လို့ ထွက်သွားပြီး သူမက ကော်ဖီဆိုင်မှာ တစ်ယောက်တည်း ကျန် နေခဲ့တယ်။ နောက်နာရီဝက်လောက် ကြာရင်တော့ သူမဆီ ဖုန်းဆက်လာတယ်။ “ကိုယ် ချိန်းထားတာ တစ်ခုရှိလို့ မင်းအိမ်ကို လိုက်မပို့ နိုင်တော့ဘူး၊ ကား ငှားသွားနော်” တဲ့။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ နှစ်ယောက်ရဲ့ အနာဂတ်အတွက် ကိုယ်တစ်ယောက်တည်းသာ တာဝန်ရှိတဲ့ ပုံစံမျိုး၊ ငွေစုချင်ဇောနဲ့ အငှားကားစီးမယ့် ပိုက်ဆံကို နှမြောလို့ ဘတ်စ်ကားကိုပဲ ရွေးလေ့ရှိတယ်။ သူ့ကိုတော့ အငှားကားနဲ့ သွားတာလို့ လိမ်လည်ပြောလေ့ရှိတယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ပင်ပန်းမှာ အနေကျပ်မှာ သိလို့ အားလပ်ချိန်မှာ သူနဲ့အတူ သူ့အလုပ်ကိစ္စနဲ့ သွားသမျှ နေရာတကာ မလိုက်စေချင်ဘဲ အိမ်မှာ ဂီတနားထောင်၊ ရုပ်ရှင်ကြည့်၊ အနားယူ အပန်းဖြေ နေစေချင်တယ်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့အနီးမှာ နေနိုင်သမျှ တွယ်ကပ်ပြီး သူ့ဘေးမှာ အရိပ်တစ်ခု ဖြစ်ချင် တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညအချိန်တွေမှာ တယ်လီဖုန်းထဲမှာ မက်ဆေ့ခ်ျစာလေးတွေ ရေး ပို့တတ်တယ်။ “နေ့လယ်က ကိုယ် ပြောလိုက်မိတာကို စိတ်ဆိုးလား” “မနက်ဖြန်ကျရင် ကော်ဖီဆိုင်မှာ တွေ့ကြမလား” “မေ ဘာလုပ်နေလဲ၊ စာဖတ်နေလား၊ သီချင်း နားထောင်နေလား”

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညသန်းခေါင် တယ်လီဖုန်းနဲ့ စာပြန်မရေးတဲ့ သူမကို သဘောကျ စွာ ရယ်မောလို့ စာတစ်စောင် ပြန်ရေးလိုက်ရင်း ညကို အဆုံးသတ် လိုက်ရတယ်။ “မင်း အိပ်နေပြီ မဟုတ်လား၊ အိပ်မက်လှလှ မက်ပါစေ” တဲ့။ သူပြောတာတောင် နောက်ကျနေသေးတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမက ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်ထဲမှာ မွှေးပျံ့တဲ့ ပန်းပင်အောက်မှာ သူနဲ့အတူ ထိုင်ပြီး သူ့ပခုံးကို နွဲ့မှီထားတတ်ပါတယ်။ အိပ်မက်ထဲမှာ နှစ်ယောက်သား ပြုံးလို့ပေါ့။
ဂျူး (သရဖူ၊ နိုဝင်ဘာလ၊၂၀၁၁)

Thursday, August 2, 2012

မိန်းမတစ်ယောက်ရဲ့  ဖွင့်ဟ၀န်ခံချက် (ဂျူး)

ယောက်ျားတစ်ယောက်အတွက် အချစ်ဆိုသည်မှာ ယောက်ျားအတ္တကို စိတ်ကျေနပ်ရောင့်ရဲမှုပေးနိုင်စရာ အခိုက်အတန့်ကြားခံနယ်တစ်ခုဖြစ်သော်လည်း မိန်းမတစ်ယောက်အတွက်တော့ အချစ်ဆိုသည်မှာ ခြေစုံပစ်ဝင်လိုက်ရသော နယ်ပယ်သစ်တစ်ခုသာဖြစ်သည်။ ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်တယ်ဆိုတာ အဲဒီမိန်းမနဲ့ပတ်သတ်သမျှ အရာရာကို သူတစ်ဦးတည်း စိုးမိုးပိုင်ဆိုင်လိုခြင်းပဲ ဖြစ်ပါတယ်။ သူချစ်တဲ့မိန်းမ သူတစ်ယောက်တည်းအပေါ် စွဲလမ်းတမ်းတအောင် သူဘယ်လိုဆွဲဆောင်ကြိုးစားရမလဲဆိုတဲ့ လောဘနဲ့အတ္တဟာ ယောက်ျားရဲ့အချစ်ဖြစ်တယ်။ ဒါပေမယ့် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်ပြီဆိုတဲ့အခါ မိန်းမရဲ့ဘ၀ဟာ ယောက်ျားရဲ့ ဘ၀ထဲကို အလိုအလျောက် စီးဝင်သွားရတယ်။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘာတွေပေးနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်ဟာ မိန်းမတိုင်းမှာရှိနေပါတယ်။ ဒါဟာ မိန်းမရဲ့ဗီဇစိတ်သာဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုလည်း မဟုတ်ဘူး။ ဒါဟာ အလိုအလျောက် ဖြစ်ပေါ်တဲ့ အညံ့ခံစိတ်ပါ။ ဒါကို မြင့်မြတ်မှုလို့ ကိုယ်မပြောလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ဒါဟာ မိုက်မဲမှုသာ ဖြစ်ပါလိမ့်မယ်။

မိန်းမတွေကို မိုက်မဲတဲ့သတ္တ၀ါတွေ ၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ သတ္တ၀ါတွေအဖြစ် ဟိုးရှေးကာလတွေကတည်းက စကားပုံတွေ ၊ ပုံဝတ္ထုတွေနဲ့ ခိုင်းနှိုင်းကိုးကားပြောခဲ့ကြတယ်။ ဒါဟာ မိန်းမတွေဘက်က နာစရာလို့ထင်ရပေမယ့် အထိုက်အလျောက်တော့လည်း မှန်ကန်နေပြန်ပါတယ်။ ယောက်ျားတွေရဲ့အချစ်ဟာ ဘ၀မှာအစိတ်အပိုင်းတစ်ခုသာဖြစ်တယ်။ မိန်းမတွေရဲ့အချစ်ကတော့ သူမရဲ့ဘ၀တစ်ခုလုံးသာဖြစ်တယ်။ ဘ၀တစ်ခုလုံးကို ပုံအပ်ရင်းနှီးပြီးချစ်လိုက်ရတဲ့ မိန်းမတစ်ယောက်မှာ ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်မှုအပိုင်းက ဘယ်မှာလဲ ၊ ဘယ်နေရာမှာများရှိနေနိုင်ဦးမှာလဲကွယ်။

မိန်းမနှင့်ပတ်ဝန်းကျင်

မိန်းမတွေရဲ့ ဂုဏ်သရေကို ပတ်ဝန်းကျင်က အကဲဖြတ်သတ်မှတ်ပေးတတ်တဲ့အတွက် မိန်းမတွေဟာ ပတ်ဝန်းကျင်အကဲဖြတ်မှုကို စိုးရွံ့တွန့်ဆုတ်ကြလိမ့်မယ်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ဖိအားကို သွေးအေးအေးနဲ့ အာခံတွန်းလှန်သူတွေဟာ ယောက်ျားတွေမဟုတ်ဘဲ မိန်းမတွေဖြစ်တယ်လို့ ကိုယ်ကောက်ချက်ချရင် မောင်အံ့သြသွားမှာလား။ ကိုယ့်ချစ်သူသာ ကိုယ့်ဘက်မှာ ရပ်တည်ပါစေ။ ပတ်ဝန်းကျင်တစ်ခုလုံး ၊ လောကတစ်ခုလုံးနဲ့ ဆန့်ကျင်ရမယ်ဆိုရင်တောင် မိန်းမတွေဟာ ဆန့်ကျင်ရဲတယ်။ ပတ်ဝန်းကျင်နဲ့သူမကြားမှာ ချစ်သူရှိနေသရွေ့ ချစ်သူဟာ အဲဒီမိန်းမအတွက် မဟာရံတံတိုင်းကြီးတစ်ခုပါပဲ။ အဲဒီလောက်အထိ မိန်းမတွေဟာ ချစ်သူအပေါ် အားကိုးယုံကြည်ကြပါတယ်။

မိန်းမနှင့်လက်ထပ်ခြင်း

ယောက်ျားနှင့်မိန်းမအကြား တစ်သက်တာ အတိုင်းအဆမဲ့ရင်းနှီးစွာ တာဝန်ယူနိုင်ရန် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကတိသစ္စာဖြင့် လက်ထပ်ကြသော်လည်း လက်ထပ်ခြင်းအပေါ် နားလည်ခံစားပုံခြင်း အလွန်ကွာခြားပါသည်။ ယောက်ျားသည် မိန်းမကို မိမိပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာ မြေယာတို့အနက် တစ်ခုအပါအ၀င်ဖြစ်သော တပ်မက်ဂုဏ်ယူစွာ စောင့်ရှောက်ရမည့် ပစ္စည်းသစ်တစ်ခုဖြစ်လာရန် လက်ထပ်ယူလေ့ရှိပြီး မိန်းမသည် ယောက်ျားကို တစ်သက်တာ မိမိအားအကာအကွယ်ပေးမည့် လေးစားမြတ်နိုးဖွယ် ကောင်းကင်သစ်တစ်ခုအဖြစ် လက်ထပ်ခြင်းဖြစ်သည်။

အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ယောက်ျားနဲ့မိန်းမ နှစ်ယောက်တွဲဖက်ပြီးကရတဲ့ သိမ်မွေ့နက်နဲတဲ့ ကကြိုးကကွက်တွေနဲ့ တူပါတယ်။ နှစ်ယောက် အပေးအယူမျှဖို့အတွက် တစ်ယောက်က ရှေ့ကိုခြေလှမ်းတစ်လှမ်းရင် နောက်တစ်ယောက်က နောက်ကို တစ်လှမ်းဆုတ်ပေးရလိမ့်မယ်။ ကကွက်ကိုဦးဆောင်သူက ယောက်ျားဖြစ်ပြီး နောက်ကလိုက်တဲ့သူဟာ မိန်းမဖြစ်တယ်။ ဦးဆောင်သူရဲ့ ပီတိကျေနပ်မှုကို နောက်ကလိုက်သူကသာ စွမ်းဆောင်ပေးအပ်ရလေ့ရှိတယ်။

ယောက်ျားတွေဟာ ပတ်ဝန်းကျင်ပေါ်မှာ လိုက်လျောရလို့ ကျဆင်းသွားတဲ့ယောက်ျားမာနတွေ ၊ လူသားမာနတွေကို သူ့ဇနီးဆီကနေ ပြန်ပြီးဖြည့်ယူလေ့ရှိပါတယ်။ အိမ်ထောင်သည် ချစ်ခြင်းအနုပညာမှာ ခင်ပွန်းသည်ရဲ့ ဖန်တီးပုံသွင်းမှုအတတ်ပညာက အရေးကြီးတယ်ဆိုရင် ဇနီးသည်ရဲ့ပျော့ပျောင်းလိုက်လျောမှု အတတ်ပညာဟာလည်း အရေးကြီးပါတယ်။ ယောက်ျားတစ်ယောက်ဟာ သူ့ဇနီးသည်ကို မာကျောတဲ့ အဖိုးတန်ကျောက်တုံးတစ်တုံးဖြစ်ဖို့ထက် ပျော့ပျောင်းပြီး ပုံသွင်းဖို့လွယ်ကူတဲ့ ရွှံ့စေးတုံးကလေးဖြစ်ဖို့ ပိုပြီးဆန္ဒရှိတယ်ဆိုတာ ကိုယ်သိတယ်။

ကိုယ်တို့မိန်းမတွေဟာ ယောက်ျားတွေရဲ့ အတ္တနဲ့မာနကို အမြဲထည့်သွင်းစဉ်းစားပေးခဲ့သလောက် ယောက်ျားတွေကတော့ မိန်းမတွေရဲ့အတ္တနဲ့မာနကို နည်းနည်းမှ ထည့်မစဉ်းစားခဲ့ကြဘူး။ မိန်းမတွေဟာ သူတို့ချစ်တဲ့ ယောက်ျားတွေအပေါ် ဘယ်လောက်ပဲ သည်းညည်းခံလိုက်လျောနေပေမယ့် နောက်ကွယ်မှာ ငုပ်လျိုးနေတဲ့ မိန်းမသားမာနဆိုတာရှိတယ်။ အဲဒီမာနကို အကြိမ်များစွာ ထိပါးခံရတဲ့အခါ မိန်းမဟာ သူချစ်တဲ့ ယောက်ျားအပေါ် မထင်မှတ်တဲ့ တုံ့ပြန်မှုမျိုးပေးလိုက်မိတတ်ပါတယ်။ မိန်းမတွေဟာ အနိုင်မယူချင်ကြပါဘူး။ သူတို့လိုချင်တာ မျှတမှု ၊ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်လိုက်လျောမှုပါ။ ဒါပေမယ့် ဒီလောက်အတိုင်းအတာလေးတောင် ကိုယ်တို့မရခဲ့ကြပါဘူး။ တစ်ချိန်ချိန်မှာ ရလေမလားလို့ စောင့်ဆိုင်းရတဲ့ ကာလကြာရှည်လာတာနဲ့အမျှ ကိုယ်တိုင်တောင်မသိနိုင်တဲ့ အတ္တဟာ တဖြည်းဖြည်းကြီးထွားလာခဲ့တယ်။

မိန်းမတစ်ယောက်က ယောက်ျားအပေါ် အနိုင်ရတယ်ဆိုတဲ့နေရာမှာ အလွန်ဆုံးစိတ်ခံစားမှုကိုသာ အနိုင်ရတာပါ။ အဲဒီယောက်ျားရဲ့ဘ၀နဲ့ ပတ်ဝန်းကျင်အပေါ်မှာတော့ ဘယ်နည်းနဲ့မှ အနိုင်မရနိုင်ပါဘူး။ ယောက်ျားတစ်ယောက်က မိန်းမအပေါ်အနိုင်ရပြီဆိုရင်တော့ မိန်းမရဲ့စိတ်ခံစားမှုကိုသာမက ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင်မိန်းမရဲ့ ဘ၀နဲ့မိန်းမအပေါ် အကဲဖြတ်ကောက်ချက်ချမယ့် ပတ်ဝန်းကျင်ကိုပါ အနိုင်ရလိုက်ခြင်းဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ရဲ့ အရှုံးဟာ အချိန်ကာလ ကန့်သတ်ချက်ရှိပေမယ့် မိန်းမတစ်ယောက်ရဲ့ အရှုံးကတော့ အချိန်ကာလ ကန့်သတ်လို့မရတဲ့ တစ်ဘ၀စာအရှုံးပါပဲ။ ကိုယ်တို့မိန်းမတွေဟာ မိန်းမဖြစ်နေသမျှ ယောက်ျားတွေနဲ့ ညီမျှတဲ့ အခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မှာမဟုတ်ဘူး။ နောက်ဆုံးတော့ ကိုယ်ကောင်းကောင်းသဘောပေါက်ခဲ့ရပါပြီ။

လက်ထပ်ခြင်းဟာ ကြိုးတစ်ချောင်းဖြစ်တယ်ဆိုရင် သည်ကြိုးဟာ ၊ ယောက်ျားကိုချည်နှောင်တဲ့ကြိုး မဟုတ်ဘဲ ဇနီးဖြစ်သူကိုသာ ချည်နှောင်ထားတဲ့ကြိုးဖြစ်တယ်´


ဂျူး

Wednesday, August 1, 2012

နတ်နေကိုင်း

နေစရာမရှိပေမဲ့
ဖြေစရာတခုခုတော့ပေးပါကွယ်
ပြေရာပြေကြောင်းလဲ
...မတောင်းဆိုချင်တော့ပါဘူး
နှုတ်မဆက်လဲသဘောပါ
ရုတ်တရက်နင်ပြောမှာ
မကြားချင်တဲ့အမုန်း
ငါ့နှလုံးခုန်သံရပ်အောင်
ပြောလေ....အခုပြောလေ ..ပြောစမ်း
ရူးရူးနှမ်းနှမ်းလျှောက်လုပ်တဲ့ ငါ

ဒီတစ်ခါတော့......
နောင်တဝေးသွားဘီ
ချောင်တစ်ချောင်မှာကြိတ်မှိတ်(ဂျောင်တစ်ဂျောင်မှာကြိတ်မှိတ်)
တိတ်တိတ်လေးပဲဆွေးတော့မယ်..
သြော်......
အရေးထဲဖန်ခွက်ကကျကွဲနေသေးတယ်
ဒီမှာဆွေးနေပါတယ်ဆို
ပုလင်းနဲ့ ဖန်ခွက်
ရန်ဖြစ်နေတာလားကွယ်
ဒီတစ်သက်နင်နဲ့ ဝေးရဘီထင်တယ်
ကလေးရေ..............လို့ 
ရင်ထဲကမကြာခဏ
အသံတိတ်အော်အော်ခေါ်မိနေတယ်ကွယ်

ကလေးရေ......
ငါတို့ မြို့ မှာချယ်ရီတွေတုံးတော့မယ်
ပြုံးချင်လဲပြုံးလိုက်ပါတော့
မုန်းချင်လဲမုန်းလိုက်နော်
ချယ်ရီတွေနဲ့ စခဲ့တဲ့ ဇာတ်လမ်း
ခပ်ကြမ်းကြမ်းအဆုံးသတ်တော့မယ်

ကဲ...မှန်းကြည့်စမ်း..ကွယ်
အလွမ်းတွေတစ်ဖြုတ်ဖြုတ်ကြွေနေတာ
သဲ့သဲ့လေးကြားတယ်မလား
အဲဒါ....အဲဒါ..........ငါ့မျက်ရည်တွေလေ
မြေပြင်မှာကျဲပြန့် 
ငါလဲမချိမဆန့် ခံနေရတယ်...
ဒီတစ်ခါလဲ...
ကြောင်တယ်လို့ ထင်ရင်လဲငကြောင်ပေါ့
လှောင်တယ်လို့ ထင်ရင်လဲ
ငါထင်လိုက်တော့မယ်
ကဲပြောစမ်း....
နင်ကြိုက်သလိုသာပြောပေတော့
အခုပြော..ငါ့ကိုပြောလိုက်စမ်းပါ
မညှာတာနေနဲ့ ပြောဟာ
ရင်မောတာတွေဖွင့်မပြချင်ဘူး
နင်ပြောမှာလဲငါသိနေသလိုပဲ
ကလေးရေ.......
အမျက်ပြေတိုင်း
နတ်နေကိုင်းလေး
ငါ့အတွက်ချန်ပေးပါနော်
မိုးသူ(တောင်ကြီး)