:Pငယ်တုန်းက မိုးရွာရင် ကျောင်မသွားချင်ပါဘူး။ကျွန်တော် ငယ်ငယ်က မွေးရပ်မြေက ဘုန်းကြီးကျောင်းဝန်းထဲက မူလတန်းကျောင်းလေးမှာ တက်ခဲ့ရတာပေါ့။ဘုန်းကြီးကျောင်းဝန်းဆိုတော့ သိတဲ့အတိုင်း ဖိနပ်ချွတ်ပြီးသွားကြရတယ်။မိုးရေစိုနေတဲ့ မြေကြီးမှာ ကျောင်းဝန်းတစ်လျောက်ရှိနေတဲ့ တမာပင် က တမာသီးကြွေတွေက ကျွန်တော့်ကို စိတ်ရှုပ်စေတဲ့ အရာတွေပေါ့။အင်း...ခုတော့ အဲ့ဒီတမာသီးတွေ ခင်းနေတဲ့ မြေကြီးကိုဖိနပ်မပါဘဲ နင်းပြီး ပြေးဆော့ချင်ပါသေးတယ်။ကျောင်းကဆင်းရင် အဖေနဲ့ အမေက အိမ်ကို မရောက်သေးတော့ ကျွန်တော်တို့မောင်နှမက အဖွားအိမ်ကိုပဲ ဦးတည်ရမြဲပဲ။အဲ့ဒီအိမ်အပြန်လမ်းမှာ ဘုန်းကြီးကျောင်းသားတွေ ဆွမ်းချိုင့်လှည့်ယူသလိုမျိုး၊ လွယ်အိတ်တွေကို လွယ်ပေးသူက သူငယ်ချင်းကိုစိုးပေါ့။သူယူပုံက ဒီလိုလေ...ပခုံးပေါ်မှာ သစ်သားချောင်းကို တင်ပြီး သစ်သားချောင်းရဲ့ ရှေ့နောက်မှာ လွယ်အိတ်တွေ ချိတ်ခိုင်းတာပါ။အဲ့ဒီလိုနဲ့ အိမ်ပြန်လမ်းတွေမှာ ကျွန်တော်တို့တွေ သီချင်းတွေ အော်ဆိုကြပါတယ်။ရယ်စရာတွေပြောရင်းနဲ့ပေါ့။အင်း...မိုးရွာတဲ့နေ့တွေက ပျော်ဖို့လည်းကောင်းသလို ၊ ကျွန်တော်တို့မောင်နှမအတွက် စိတ်ညစ်ရတဲ့နေ့တွေပါပဲ။
ဘာလို့လဲဆိုတော့....အဖွားတို့အိမ်ကနေအိမ်ကိုပြန်မယ့်လမ်းက အနိမ့်ပိုင်းမို့ မိန်းလမ်းတွေပေါ်ကရေတွေက စီးနေလေ့ရှိတယ် မိုးသည်းနေ့တွေဆိုရင်။အဲ့မှာ ပြသနာစတာပဲပေါ့။လွယ်အိတ်တွေတစ်ဖက်။ ရေဘူးတွေတစ်ဖက်၊ ဖိနပ်တွေနဲ့ ဆိုတော့ အဖွားတို့အိမ်က ပြန်လိုက်ပို့မယ့်သူမရှိရင် တော်တော်ဒုက္ခရောက်တာပါပဲ။အဖွားက ရေကျမှပြန် ရင်ပြန် ၊ အိပ်သွားပါ ပြောလည်း ကျွန်တော် တို့က အမေနဲ့တွေ့ချင်နေတော့ မိုးတိတ်တာနဲ့ပြန်တာပါပဲ။အဖေလာကြိုတာလည်း မစောင့်ဘူး။ခေါင်းဆောင်ကတော့ သိတဲ့အတိုင်း အကြီးဖြစ်သူ ကျွန်တော်ပေါ့ဗျာ...မောင်လေးကဘာသိမှာတုန်း။ကျွန်တော် လုပ်သမျှ သူက လိုက်လုပ်တဲ့ အရွယ်ကိုး။ခုများတော့..... သူက ကလေးအဖေပူပူနွေးနွေးဖြစ်နေပြီ ။အဲ့လိုတော်သွားတာ ကိုယ့်ထက်။ဘယ်ရောက်သွားပြီတုန်း အော် ... အင်း အဲ့ဒီလို ရေတွေကိုဖြတ်ပြီး မြေသားမာတဲ့ဘက်ရောက်ဖို့က အကောင်သေးသေးအရွယ်တွေအတွက်တော့ တွေးသာကြည့်ကြပါတော့။လွယ်အိတ်ကိုရေနဲ့မထိအောင် မ,ထားတော့ ဖိနပ်ကပြုတ်ကျတယ်။အဲ့ဒီဖိနပ်ကို မောင်နှမနှစ်ယောက် ရေစီးအတိုင်းမျောပါမသွားအောင် လိုက်ဆယ်တော့ စာအုပ်တွေ ရေစိုကုန်ပါတယ်။အဲ အိမ်လည်း ပြန်ရောက်ရော ဖိနပ်ကလည်းတစ်ဖက်တစ်ချက်နဲ့။ အဖွားခေါက်တင်ပေးလိုက်တဲ့ ဘောင်းဘီရှည်တွေကလည်း ပြီကျပြီးရေတွေရွှဲ၊ စာအုပ်နဲ့လွယ်အိတ်ကလည်း ရေတောက်တောက်ကျနေပြီ။မျက်နှာငယ်လေးတွေနဲ့ နှစ်ယောက်သား အိမ်ထဲဝင်လာကြတယ်။အမေကတော့ထုံးစံသိတယ်။ တန်းရေချိုးပေးတယ်။သနပ်ခါးတွေလိမ်းပေးပြီး နွေးနွေးအ၀တ်လေးတွေ ၀တ်ပေးတယ်။အမေလုပ်တာ မြန်လိုက်တာ ။ကျွန်တော်တို့နှစ်ယောက်ကို စွေ့ခနဲပဲ စွေ့ခနဲ့ပဲ။တစ်ခါတလေ အမေက ထမင်းခူးနယ်နေရင် အဖေပဲ ရေချိုးပေးပါတယ်။အဖေရေချိုးပေးရင် ကြောက်လို့ငြိမ်ငြိမ်လေးပဲနေတယ်။ရေစစ်တဲ့အခါ..အဖေက ကျွန်တော်တို့ကို ချိုင်းကြားကနေမြောက်ပြီး လွှဲပြီးရေခါလေ့ရှိတယ်။အပျော်ဆုံးပဲ အဲလိုလုပ်ရင် ။အဖေ့ ပုဆိုးဟောင်းလေးနဲ့ ထွေးပြီးခေါ်သွားတယ် ပြီးအဖေသွေးလိမ်းပေးတဲ့ သနပ်ခါးဘဲကြားကြီးတွေကို တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး ရယ်ကြတာလည်းမမေ့ဘူး။ကျောင်းသွားရင် ဒါကြောင့်မို့ အဖေလိမ်းတာမခံရအောင် ရှောင်တယ်။ပါးကွက်ကို အမြီးရှည်အောင်ကွက်လို့။သနပ်ခါးလိမ်းပြီး အမေကထမင်းပူပူကို နှမ်းဆီ နဲ့ ဆားနဲ့နယ်ပြီး အစုပ်လေးတွေလုပ်ပေးတယ်။တစ်ယောက်တစ်ပန်းကန်စီ ငါးကြော် မဟုတ်ရင် ကြက်ကြော်နဲ့ ထမင်းပူပူကို အဲ့လို အမေက ထမင်းစုပ်လေးတွေဖြစ်အောင်လုပ်ပေးတာ ကျွန်တော်သိပ်ကြိုက်ပေါ့။စားပြီးရင်တော့ စပါပြီ။ အမေက ရေစိုနေတဲ့ စာအုပ်လေးတွေကို မီးပူတိုက်ပေးတယ် မကျွမ်းအောင်။အဖေက ပက်လက်ကုလားထိုင်မှာ ကျွန်တော်တို့ကို ဘယ်လိုဖြစ်တာလဲမေးတယ်။အမြဲမေးတယ်။ဖိနပ်အသစ်ရမှာမို့ ပျော်ပေမယ့် အဲ့လို အိမ်ကတိတ်ဆိတ်နေပြီး အမေကစကားဝင်မပြောဘဲ အဖေနဲ့ပြောနေရတာ ကျွန်တော် အကြောက်ဆုံးပဲ။မောင်လေးကတော့ အေးဆေးပဲ ။ သူကပြောတတ်တယ် ပြီးတော့ သူက အပြစ်လွတ်လေ့ရှိတယ်။ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို တော်တော်ချစ်တယ်။သူမိန်းမယူတော့လည်း အစက ဖာသိဖာသာပါပဲ။နောက်မှ တွေးတွေးပြီး ၀မ်းနည်းတာ။အင်း....ငယ်ငယ်က စိတ်ညစ်ခဲ့တာတွေက ခုတော့လွမ်းစရာကြီးပဲနော်။အဖေနဲ့ အမေနဲ့ ဒီမိုးတွေနဲ့ အိမ်လေးထဲမှာ ကျွန်တောထမင်းစုပ်ပူပူလေးတွေ စားချင်နေတယ်။ပြီးရင် စကားတွေပြောနေချင်တယ်။အိမ်ပြန်ချင်ပါတယ်ဗျိုး။
အမေနဲ့ ကျွန်တော် ရွှေစက်တော်မှာ ကျွန်တော် ၆လသားအရွယ်က။(ရနံ့ချို)














