"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Monday, August 15, 2011

နင် သိခဲ့ရင်...

Where´d You Go


လသာသော ညတစ်ည...
ရင်မှာ သောကတို့ဝေတယ်
ဒီအချိန်ဆို...အရင်နေ့တွေတုန်းက
အဆောင်ရှေ့က ပုံရိပ်တွေကြား
မမှတ်ဘဲ မြင်မိတဲ့ နင့်ကို ငါတမ်းတနေတာ
နင်များသိရင်..။

ကျောင်းခန်းထဲက သူငယ်ချင်းတချို့ရဲ့
ပျက်လုံးတွေက အရင်လို မပြုံးနိုင်တော့
မျက်မှောင်လေးကျုံ့ပြီး ကြည့်နေတတ်တဲ့
ငေးရီရီ နဲ့ နင့်မျက်ဝန်းတွေ ငါလွမ်းနေတာ
နင်များသိရင်...။
ိ
ဆရာမရဲ့ အတန်းရှိ လူစာရင်း
အော်ခေါ်တဲ့အခါ မသိချင်ယောင်ဆောင်ထားမိတဲ့
နင့်ခုံအမှတ်အရောက် နင်ထိုင်နေကျ
နေရာလေး ငါ ငဲ့အကြည့်
မျက်ရည်လွင့်တာ နင်များသိရင်...။
ိ
စာသင်ချိန်ကုန်ဆုံး အဆောင်ပြန်လမ်းတစ်လျောက်
ကသုတ်ကရက်ပြေးလိုက်လာမယ့်
ခြေသံလေးကို ငါအရမ်းလွမ်းမိနေတာ
နင်များသိရင်....။

လေတွေတိုက်တဲ့ ညတွေ
အကြောက်ပိုတတ်တဲ့ ငါ...
နင့်ကိုတွေ့မလားလို့ အဆောင်ဝန်းထဲ အမှောင်ရိပ်ကျတဲ့
တမာပင်အောက်က ခုံဝိုင်းလေးမှာ
သစ်ရွက်ကြွေတို့နဲ့ ငါ အပြိုင်ငိုနေတာ
နင်များသိရင်...။

ဆွယ်တော်ရွက်လေးကို အသိသက်သေပြုလို့
ငါ့အနား ချစ်တယ်ပြောဖို့ နင် ဆုံးဖြတ်ပြီး
နင်လာရာလမ်း ငါလည်းကြိုသိခဲ့ရင်...
အဲ့ဒီည...
လုံးဝအကျည်းတန်တယ်ဟာ
လောကကြီးကို မတရားဘူး လို့ပြောရအောင်
ငါကိုယ်တိုင်က နင့်အပေါ်မှာတောင်
တရားခဲ့တာမှမဟုတ်တော့လည်း...
ဒီလို နောင်တတွေနဲ့ အတူ
ငါလွမ်းနေရတာ နင်များ သိခဲ့ရင်...။

ထာဝရခွဲခွာစေဖို့ ...
အကြောင်းဖန်ခဲ့တဲ့ အဲ့ဒီည
ငါ သိပ်မုန်းတယ်ဟာ...
ဆိုင်ကယ်သံတွေ ဆူညံနေခဲ့ပေမယ့်
ရန်ဖြစ်သံတွေကြားခဲ့ပေမယ့်
နင်ပါတဲ့ အဖွဲ့ရဲ့ ဂစ်တာသံတွေကို
လစ်လျူပြုလေ့ ရှိတဲ့ ငါ...
ထုံးစံအတိုင်း နင်နဲ့ပတ်သတ်သမျှ
ကျောခိုင်းကာ အိပ်စက်မိတဲ့
အဲ့ဒီည... ငါ့ကိုယ်ငါ ပိုမုန်းမိတယ်ဟာ..။

နင်ပြန်လာဖို့ ငါ့အနား
ဆုတောင်းမိနေတာတွေ...
နင့် လိပ်ပြာလေး သိသွားခဲ့ရင်
နင် ငိုနေမှာလား
ကိုယ်ချင်းစာတရားနဲ့ ငါငိုကြွေး
ဒီအချိန် ငါ တကယ်
အသက်ရှူလို့ မတတ်တော့အောင်
နောင်တတွေနဲ့ ဖျားနေတာ
နင်များသိရင်...။

နင်...
ငါ....
နောင်ဘ၀ဆိုတာ များ
ရှိခဲ့ရင်တော့
ငါ နင့်အပေါ် တင်ခဲ့ဖူးတဲ့
ဒီ အချစ်ကြွေး
ငါကျေအောင် ပြန်ဆပ်ချင်ပါတယ်ကွယ်..
နင်.. ကောင်းရာမွန်ရာ ရောက်ပါစေတော့..။

ငါနဲ့ ပတ်သတ်တာတွေ
နင် မသိပါစေနဲ့တော့
ငါနဲ့ လွတ်ရာ နင့်လိပ်ပြာလေး
ငြိမ်းချမ်းစွာ လွတ်မြောက်ပါစေတော့
မြတ်နိုးစိတ်နဲ့ ငါ ဆုတောင်း
နင့်အတွက် မဟုတ်တော့ပေမယ့်
နင့်စိတ်နဲ့ ငါ ရှင်သန်ပေးမယ်
နင့်အတွက် ငါ ...
ရှင်သန်ပေးမယ်...။
ဒါတွေ နင်မသိပါစေနဲ့တော့..။

(လောကကြီးမှာ မရှိတော့တဲ့ သူ နှစ်ယောက်သော သူငယ်ချင်းလေးတွေ အတွက် အမှတ်တရပါ။ သူတို့ သိခဲ့ရင်...။)

ချစ်တဲ့
ရနံ့ချို

No comments:

Post a Comment