"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"
Wednesday, July 13, 2011
အလွမ်းမပြေ ကျောင်းတော်မြေအတွက် (၂)
ကျွန်တော်တို့ကျောင်းတက်ခါစ အဆောင်မှာ ဂစ်တာဝိုင်းတွေကို အရေးလုပ် နားထောင်ရမှန်း မသိကြသေးဘူး။ အဲ့ဒီတုန်းက ဂစ်တာလာတီးတဲ့ ကျောင်းသားတွေဆို တော်တော်ကို စိတ်ပျက်သွားကြတာများတယ်။ ဟိုဘက်အဆောင်က တော့ လှမ်းအော်တယ်။ (နွားကို ပလာတာသွားကျွေးမနေကြနဲ့ တဲ့) ဂစ်တာသံကြားတာနဲ့ လုပ်လက်စအလုပ်တွေကို ရပ်ပြီး အခန်းတံခါးတွေကို ထပိတ်တတ်တဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့အဖွဲ့ဆို အခန်းရှေ့ထွက်ရမှာကြောက်လို့ ကျန်းမာရေးကိစ္စကိုတောင် အောင့်ထားကြတဲ့အဖြစ်တွေက ရှိခဲ့သေးတာလေ။ ရွှေဂုဏ်ဝင့်က ကျောင်းတော်သားတွေကတော့ ထုံးစံအတိုင်း အနီးကပ်ဆုံး ကျွန်တော်တို့အဆောင်ကိုဆို သိပ်ကို ပြောချင်ဆိုချင်ကြတာပေါ့။ သူတို့မယ် ကြည့်ချင်တာတောင် ခိုးကြည့်ပြီး ၊ ဂစ်တာလည်း လာမတီးချင်ကြဘူးလေ။ ခြံနားမြက် ခြံနွား မစားဆိုသလိုပေါ့ :D ။ တစ်ည သန်းခေါင်ယံကြီး အံ့ကြီးနဲ့ဖက်တော အဆောင်နောက်ဖေးလမ်းကြားထဲကို လာပြီးသီချင်းဆိုကြတယ်။ အမြဲတမ်းပဲ မင်းတဲ့။ နားထောင်လို့ကောင်းလိုက်တာလေ။ အိမ်မက်လိုလို ဘာလိုလိုနဲ့ အားလုံး မနက်လင်းတော့ ရေချိုးကန်နားမှာ ပြောကြတာက "ညက သီချင်းလေးက ကောင်းတယ်။ ဘယ်သူလဲမသိဘူး " တဲ့။ နောက်ပိုင်းကျတော့ အသားကျသွားတာပါပဲ။ ဂစ်တာသံတွေကိုလည်း တောင့်တတတ်လာကြတယ်။ အဆောင်သူ ထုံးစံပေါ့လေ။ အခန်းတံခါးတွေ သိပ်မပိတ်တော့ဘူး။ ကိုယ့်ဟာကိုယ် လုပ်စရာရှိတာလုပ်ရင်း ဂစ်တာသံတွေနဲ့ အသားကျနေကြပြီ။ တချို့က ကျောင်းကဖွင့်စမို့ နံမည်တွေ မသိကြသေးတော့ တွေ့တဲ့ကောင်မလေးဝတ်ထားတဲ့ အင်္ကျီ အရောင်ကို အော်ပြီး သီချင်းထဲကို ထည့်ဆိုကြတယ်။ (မိုးလင်းတိုင်း ရဲလေးအနားကို ရောက်ရောက်လို့ နေတာ။ ကိုယ့်အချစ်တော့ ရဲလေး နားလည်ပါ) ဆိုတာမျိုးပေါ့။ :P ကျွန်တော့်သူငယ်ချင်း တစ်ယောက်က တော်တော်လှတယ်။ အဲ့ဒီတုန်းက အွန်စော ၊ ဂျွန်စော ကိုးရီးယားကားကလည်း လာနေချိန်ဆိုတော့ အငယ်တန်းက ကောင်လေးတစ်ယောက်က ညတိုင်းလာအော်တာ။ သူက ဂစ်တာလည်းတီးတာမဟုတ်ဘူး။ သူက လေသံကို ကိုးရီးယားကားထဲက သွေးကင်ဆာဖြစ်နေတဲ့ မင်းသားနှားခေါင်းသွေးထွက်နေတုန်း အမှာပါးနေတဲ့အသံနဲ့ အော်တာ။ (အွန်စော ရေးးးးး ထယ်စောက် လာ့ပြီလေး) ဆိုပြီး အော်နေတာ။ မောမှ ပြန်သွားတာ။ သူမှန်းသိချင်လွန်းလို့ သူမလာခင် အမှောင်ရိပ်ခြံစည်းနားကို ကပ်ပြီး ခြောင်းနေတာ။ နောက်နေ့ မနက်ကျောင်းတက်နေတုန်း အဲ့ကောင်လေး တစ်ယောက်တည်း ကျောင်းခန်းထဲကထွက်သွားတာမြင်လိုက်တဲ့ civil က သူငယ်ချင်းသုံးယောက်ထွက်လာတယ် (အွန်စော ဆိုသူပါ ပါတယ်)။ ကျွန်တော်တို့ mech' အတန်းရှေ့ကနေ အချက်ပြပြီးလှမ်းခေါ်လို့ ကျွန်တော်တို့အတန်းက မိုးမိုးနဲ့ ကျွန်တော် ဆရာအလစ်ကို ခိုးထွက်ကြပြီး EP တန်းက မမနှင်းနဲ့ ပုဂံသူ ဇာဇာနဲ့ ၀င့်ကြီးကိုပါ အခန်းရှေ့သွားကိုယ်ယောင်ပြပြီး တစ်ဖွဲ့လုံးလစ်လာပြီး ကောင်လေးနောက်ကို လိုက်သွားကြတာပေါ့။ သူ့ကို ကျွန်တော်တို့ နံမည်ပေးထားတာရှိတယ်။ သူ့မျက်နှာက လုံးဝပိုးမသေတာ။ အမြဲစပ်ဖြဲဖြဲ ဖြစ်ရင်ဖြစ် မဖြစ်ရင် မျက်ခုံးတွေကိုလှုပ်နေတာမျိုးမို့ (မှိုတက်) လို့ပေးထားတာ။ သူ့ဟာသူသာ ထယ်စောက် ဖြစ်နေတာလေ။ :)
သူ့နောက်ကို Workshop ခန်းနားကျတော့မှီသွားကြတယ်။ နောက်ကနေ အွန်စော ဇာဇာက စပြီးခေါ်တယ်။ (ထယ့်စောက်ရေးးးးး အွန်စောလေ... စောင့်ပါဦး) ဆိုပြီး နောက်ကနေ လိုက်တာ။ သူ့ခမျာ ကြောက်လွန်းလို့ နောက်ကိုတောင် လှည့်မကြည့်နိုင်ဘူး သုတ်ခြေတင်ပြီးပြေးတာ။ နောက်ဆုံး မမနှင်းက ကောင်လေးလွယ်အိတ်ကို ဆွဲလိုက်တာ အဲ့ဒီကောင်လေးက လှည့်အကြည့် ကျွန်တော်တို့ တစ်ဖွဲ့လုံးကိုမြင်တော့ တော်တော်လန့်သွားပြီး။ ငိုတော့မလိုမျက်နှာလေးနဲ့ (မလုပ်ပါနဲ့ အမတို့ရယ် ကျွန်တော် ထယ်စောက်မဟုတ်ပါဘူး 1st MP က .... ... ပါတဲ့) ။ ကျွန်တော်တို့မယ် ရယ်လိုက်ရတာ။ နောက်တော့ ၃ညလောက်တော့ နားအေးလိုက်တယ်။ နောက်တော့ သူက လိုင်းပြောင်းပြီး အော်တယ်။ ထယ်စောက် အွန်စော မဟုတ်တော့ဘူး။ ဆန်းမီနဲ့တူတယ်ဆိုပြီး ရမည်းသင်းသူလေးကို ဗြောင်ပဲလိုက်တယ်။ ရယ်ရတယ် တကယ့်သူပါပဲ။ အော်တယ် ညတိုင်းပဲ (ဆန်းမီ ဆန်းမီနဲ့)။
စာမေးပွဲနားနီးရင်စိတ်ညစ်စရာ နှစ်ချက်ပဲ ရှိပါတယ်။ တစ်ချက်က ရွာထဲက ဘုန်းကြီးကျောင်းဝင်းထဲက ဓာတ်စက်ကြီးပါ။ အော်တာက အလှူခံတာတင်မဟုတ်ပါဘူး။ သီချင်းဟောင်းတွေရော ၊ ဇာတ်ထုပ်တွေကိုပါ အသံချဲ့စက်နဲ့ ဖွင့်နေတာပါ။ တစ်ခါကဆို ကလေးမွေးတဲ့အခန်းက မိန်းမဇာတ်ဆောင်က အသားကုန်အော်နေတာ။ ကျွန်တော်တို့မယ် ဘယ်ပြေးပုန်းလို့ ပုန်းရမှန်းကို မသိတော့တာ။ တော်တော်ဆိုးပါတယ်။ နောက်တစ်ခုက ဘေးအခန်းက သူငယ်ချင်းကောင်မလေးပါ။ သူက စာမေးပွဲနီးရင် တင်ဇာမော်ရဲ့ ယုံကြည်ခြေတစ်လှမ်း သီချင်းကို အသားကုန်မနားတမ်းဖွင့်ပြီးမှ စာလုပ်တာပါ။ သူက စာရရင်လည်း ခြေတစ်လှမ်း ခြေတစ်လှမ်း။ စာမရလို့ မမှတ်မိတော့လို့ စိတ်ညစ်ရင်လည်း ညနက်သန်းခေါင်ပါမရှောင်ဘဲ ယုံကြည် ခြေတစ်လှမ်း ခြေတစ်လှမ်း ဆိုပြီး အော်တာပါ။ အဲ့ဒီ ခြေတစ်လှမ်းသီချင်းကြီးကို အစက ကြိုက်မိပြီးမှ၊ ကြားလိုက်မိတိုင်း အရိုးထဲ အသားထဲပါ ကြောက်စိတ်ဝင်စေတာတော့ ဒင်းကြောင့်ပဲ ဖြစ်မှာပါပဲ။ သူက ခြေတစ်လှမ်း ခြေတစ်လှမ်း အော်တိုင်း ကျန်တဲ့အဆောင်သူတွေက စိတ်ညစ်နေရပါတော့တယ်။ နောက်ဆုံး နေ့ည အားလုံးတိုင်ပင်ထားပြီး အော်လိုက်တယ်။ သူ့အခန်းရှေ့မှာ ခြေတစ်လှမ်း ခြေတစ်လှမ်း လို့။ မှတ်ရော။ နောက်တစ်ယောက်က ညဉ့်နက်သန်းခေါင်ကျမှ ဗိုက်ဆာလို့ဆိုပြီး အာလူးကြော်တွေ ထထ စားတဲ့တစ်ယောက်ပါ။ တော်တော်ဆိုးတဲ့အသံကြီး။ စာလုပ်လို့မရတဲ့ အချိန်တွေဆို သည်းခံဖို့ခက်တဲ့ အသံတွေပေါ့။ ခုတော့ပြန်တမ်းတသေးတယ်။ တောက်တဲ့ကြောက်လို့ အသံသေးသေးနဲ့ ငိုတတ်တဲ့ civil က အိမ်မြှောင် ကိုလည်း သတိရမိပါတယ်။
ကျွန်တော်တို့ ကျောင်းနားက ထမင်းစားလို့အကောင်းဆုံးနဲ့ အသန့်ဆုံးဆိုင်လေး တစ်ဆိုင်ရှိတယ်။ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ။ အုန်းနို့ခေါက်ဆွဲပါ ရတော့ နေ့ခင်း အတန်းလစ်ပြီး လာစားသူတွေ၊ ကျောင်းစောဆင်းတာနဲ့ ညနေပိုင်းလာထိုင်သူတွေ နဲ့ တော်တော်စည်တယ်။ ဆိုင်လေးမှာ ကျွန်တော်တို့အဖွဲ့လည်း အမြဲသွားထိုင်ဖြစ်တာပေါ့လေ။ ဆိုင်လေးရဲ့ ပိုင်ရှင်မှာ သားတစ်ယောက်လည်း ရှိပါသေးတယ် (ကိုတင် လို့ ကျွန်တော်တို့က ခေါ်ကြတယ် သူ့ကို )။ ညနေခင်းတစ်ခုမှာ အဆောင်က ကောင်မလေးတစ်ယောက်က ကျွန်တော်တို့အဖွဲ့က ပုဂံသူလေး (ငါနံမည်မထည့်ဘူးနော် ဟီး) ရှောရှောလေး အဲ့ဟုတ်ပါဘူး ချောချောလေးအတွက် စာပါလာတယ်တဲ့။ ကျောင်းက စာတိုက်ကနေ ရွေးလာတာဆိုပြီးပေးတယ်။ စာက ဒီမြို့ပေါ်က စာ။ တစ်ဖွဲ့လုံး ၀ိုင်းပြီးဖတ်ကြည့်ကြတယ်။ သူက အဲ့ ရှောရှောလေးကို အရမ်းချစ်နေမိကြောင်း စာရေးပေးထားတာ။ သူ့နံမည်ကိုလည်း အင်္ဂလိပ်လို အတိုကောက်နဲ့ ရေးပေးထားတယ်။ (TTA) တဲ့။ ဒါဘယ်သူ့လက်ချက်လဲဆိုတာ နည်းနည်းရိပ်မိတာနဲ့ ကျွန်တော်တို့ တစ်ဖွဲ့လုံး စံတော်ဝင်ကို လစ်လာကြတာပေါ့။ မုန့်မှာပြီးပြီဆိုတော့ ကတုန်ကရင်နဲ့ ကိုတင်က မုန့်တွေကို ကျွန်တော်တို့ထိုင်မယ့် စားပွဲမှာ လာချပေးတယ်။ လျက်တပြတ်ပဲ ကျွန်တော်က မေးလိုက်တယ်။သူ့အမကြီး မကြားအောင်ပေါ့။ :P ကိုတင်.. ခင်ဗျားနံမည် အရှည်က ဘာတုန်းလို့ မေးတော့ သူကပြောတယ်။ (အာ ဘာဆိုင်တုန်းဗျ ကျွန်တော်က H နဲ့ ထွန်း တာတဲ့) ကဲ .. ဘာလုပ်လို့ ဘာပြောရမှန်းတောင်မသိဘဲ ကျွန်တော်က ပြူးပြီးကြည့်နေတော့ သူထွက်ပြေးသွားပြီ။ ကျွန်တော့်ကိုလည်း လက်သီးထောင်ပြသွားသေးတယ်။ မုန့်လင်မယားဆိုင်နားကနေ။ သူသွားမှပဲ ရယ်နိုင်တော့တယ်။ ဟိုရှောရှော မမလေးရောပဲ ရယ်တယ်။ သူ့အမက မေးတယ် နင်တို့ ဘာတွေသဘောကျနေတာလဲ တဲ့။ ရှောရှောလေး ချက်ချက်နဲ့ ဖြေတယ် ။ ဘာမှမဟုတ်ပါဘူး ချင် တဲ့။ :)
ကျွန်တော်နဲ့ ပုဂံသူ ဇာဇာလည်း ဇယ်တောက်ဝိုင်းကို လူရှင်းတာနဲ့ ထလာကြတယ်။ ကျောင်းသားဘ၀ အမှတ်တရတွေထဲကနေ ပို့စ် တစ်ခုအဖြစ် တင်ပြလိုက်တယ်နော်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
(ဒီ ကျောင်းတော်ကြီး သီချင်းလေးကို GTC ကျောင်းသားတွေ အကုန်နီးပါး သိကြပါတယ်။ ဒါလေးပဲ ရှာတွေ့လို့တင်ပေးလိုက်တယ်။ ကျွန်တော်အော်ဆိုနေကျ အပိုဒ်လေးက --- နွေဥသြလေး တေးတွေဆိုညည်း ...ခွဲရတော့မယ်။ သူငယ်ချင်း ဒို့အားလုံးလေ နှုတ်ဆက်မျက်ရည်ဝဲ..ဖြူစင်ခဲ့တဲ့ တို့မေတ္တာတွေ ဝေးလည်း မမေ့ပေ။) ကဲ..နားထောင်ကြည့်နော်။
ချစ်တဲ့
ရနံ့ချို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment