
ကလေးတစ်ယောက်ကို မွေးဖွားဖို့ဆိုတာ တကယ်မလွယ်တဲ့ အဖြစ်ပါ။ ကျန်းမာရေးဘက်က ကြည့်ကြည့်၊ စီးပွားရေးဘက်က ကြည့်ကြည့်။ မိခင်လောင်းတစ်ယောက်ရဲ့ ဒုက္ခ ကလည်း တယ်ပြီး မသေးလှပေ။ တော်တန်ရုံ မေတ္တာ၊ သတ္တိနဲ့တော့ ရမည်မထင်။ ဒါပေမယ့် ဆွေ အားမွေးခဲ့ပါတယ်။ သားကြီးကိုမွေးပြီး ၂ကြိမ် ကလေး အဖတ်မတင်ဘဲ ဝေဒနာတွေ ခံစားခဲ့တာတွေကို မေ့။ သားကြီးကို လောကထဲ အထီးကျန်မဆန်စေလိုတာလည်း ပါတယ်။ တစ်ဦးတည်းသောသားမို့ အချစ်ပိုကာအလိုလိုက်ထားမိပေမယ့် သားကြီးကလည်း မောင်နှမသားချင်းတော့ သံယောဇဉ် အရှိရှာသားမို့ ဆွေလည်း အားတင်းမိပါတယ်လေ။ ဒီတခါ အဆင်ပြေကောင်းရဲ့။
သားငယ်လေး ကိုယ်ဝန်ရှိစကတည်းက မကြာခနအိပ်မက်မက်လေ့ရှိတာတွေက အများသားပဲ။ ကြည်နူးစရာတွေများတယ် ထင်တယ်။ တောတောင် ရေမြေ စိမ့်စမ်းတွေ ....အို....လှလိုက်တာလေ။ ဒါပေမယ့် သားငယ်လေးကို မွေးဖွားခါနီး မက်တဲ့အိပ်မက်တွေက မိုးကြီး လေကြီး ကျတာတွေပဲ များလှတယ်။ ဒီလိုနဲ့ ဆွေတစ်ယောက် မွေးဖွားဖို့ ဆေးရုံတက်ရပြီ။ မွေးဖွားတာ အခက်အခဲမရှိပေမယ့် သားငယ်မှာ အသားဝါ ပါနေလို့ဆိုပြီး ဖန်ပေါင်းချောင်လေးထဲမှာ မီးပြတဲ့အခန်းလေးထဲမှာထားထားရတယ်။ သားငယ်လို အရွယ်တူ ကလေးငယ်လေးတွေလက်မှာတော့ မိခင်နံမည် ကိုယ်စီလက်ပတ်လေးတွေနဲ့ရယ်ပေါ့။ သားငယ်လေးကို ကျန်းမာစေဖို့ ဆွေ့ မေမေက သံတိုင် တဲ့။ သောကြာသားလေး သံတိုင်ပါ။ ဆံပင် မဲမဲထူထူလေးတွေ၊ ပါးချိုင့်လေးတွေ၊ မျက်တောင်ရှည်တွေနဲ့ သားကိုချစ်လို့မ၀နိုင်ခဲ့။ သားကြီးကို ပြကြည့်တော့လည်း ချစ်နေတာ။ ဒါပေမယ့် ထုံးစံအတိုင်း သားငယ်ကို နို့တိုက်ဖို့အချိန်မှ ဆွေ က ကြည့်မြင်ခွင့်ရသူပါ။ သားငယ်လေး အဖေကတော့ ခနတိုင်းသွားကြည့်ပြီး သတင်းပြန်ပို့ပါတယ်။ သားငယ်လေးက လက်လေးတွေလှုပ်တာ ခြေတွေလှုပ်တာကို ချစ်မြတ်နိုးမှုအပြည့်နဲ့ ပြောပြတတ်တာကို ဆွေကလည်း ကြည်နူးမှုနဲ့ ကြားသိနေရတာပေါ့။ ဒီလိုနဲ့ သားငယ်လေး ၆ရက်သားမြောက်တဲ့ ည ဆေးရုံအပြင်မှာ မိုးတွေမှောင်နေတာပဲ။ လေတွေတိုက်လိုက်တာဆိုတာလေ ...ဆွေ့အခန်းပြတင်းတံခါးတွေတောင် တ၀ုန်းဝုန်းနဲ့။ သားငယ်လေးအဖေကတော့ စိတ်မချလို့ဆိုပြီး ဆေးရုံအပြင်မှာ တံလျားလေးတွေရှေ့ကနေ ဆွေ့ကို ကိုယ်ယောင်ပြပြီး စောင့်နေရှာပါတယ်။ ဆွေမြင်ရအောင် သူကမတ်တတ်ရပ်ပြီး စာစောင်တစ်ခု ဖတ်နေတာလည်း ဆွေ မြင်နေရတယ်။ လေတွေ ပြင်းလာလို့ အခန်းတံခါး က ၀ုန်းခနဲ အပွင့်။ အခန်းရှေ့က အမျိုးသမီးတယောက် ဆွေ့အခန်းရှိရာကို ကြည့်ပြီးထွက်သွားတာ တွေ့လိုက်တယ်။ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် အသားဖြူဖြူနဲ့ အတော်ကျက်သရေရှိတာပဲလို့တောင် ဆွေက မှတ်လိုက်ပါသေးတယ်။ မိုးရော လေရော ပိုသည်းလာတယ်။ ဆွေလည်း စိတ်ထဲမှာမကောင်းလာတာနဲ့ တတ်သမျှ မှတ်သမျှ ဘုရားစာတွေရွတ်ဖတ်နေမိပါတယ်။ မိုးလေငြိမ်တော့ ကလေးအဖေလည်း မနက်စာဝယ်ပြီး လာတယ်။ ရောက်ရောက်ချင်း သားငယ်အခန်းကိုသွားကြည့်တယ်။ ပြန်လာတော့ ကလေးပါမလာဘူး။ ကလေးက နေကောင်းပြီတဲ့။ ဆေးရုံမှာခနတော့ထားခဲ့ရမယ်တဲ့။ ဆိုပြီး မနက်စာစားပြီး ဆရာမတွေကို နှုတ်ဆက်တယ်။ပြီးတော့ ဆွေ့ကိုအိမ်ပြန်ခေါ်ဖို့ ပြင်ဆင်ပါတော့တယ်။ စိတ်ထဲမှာ လိပ်ခဲတင်းတင်းဖြစ်နေပေမယ့် ပုံမှန်ပါပဲလေဆိုပြီး ပြန်ဖို့ပြင်ပါတယ်။ သူများတွေလည်း ဒီလိုပဲဆင်းကုန်ပြီဆိုတော့ အလုပ်ရှုပ်နေတဲ့သူ့ကို ဘာမှမမေးဖြစ်တော့။ သားကြီးကိုလည်းအောက်မေ့လှပြီလေ။ ဒီလိုနဲ့ အငှားကားငှားပြီး အပြန် လမ်းတ၀က်ရောက်မှ ဘာမပြော ညာမပြော ဆွေ့ကိုဖက်ကာ ငိုပါတော့တယ်။ အစကတည်းက မျက်နှာနီနေတာကို ပင်ပန်းလို့ထင်ပြီး ဘာမှမမေးဖြစ်ခဲ့တာ ဆွေလည်း ဘာဖြစ်နေခဲ့မှန်းကို မသိတော့ပါ။ ဘာဖြစ်တာလဲ မေးဖို့မလိုလောက်အောင် စိတ်ထဲမှာ ၀ုန်းဆန်သွားပါတော့တယ်။ ထင်တဲ့အတိုင်း သားငယ်လေးမရှိတော့ဘူးတဲ့။ ညက ဆွေ သားငယ်ကို နို့တိုက်ခဲ့သေးတာ အကောင်းရယ်။ တကယ်လည်း ဒီနေ့ဆို သားငယ်နဲ့အတူ အိမ်ပြန်လို့ရပြီပဲ တွေးမိသေးပါတယ်။ သားငယ်ဖေဖေကတော့ ပြောတယ်။ မနက် ကလေးတွေနို့တိုက်တဲ့အချိန်ကိုရောက်တော့ သားငယ်ကို သူ့အဖေက ထုံးစံအတိုင်းသွားခေါ်ပါတယ်။ တာဝန်ကျဆရာမက ပြောလိုက်တယ်တဲ့..။(ရှင်တို့ ဘယ်နှစ်ခါများ ကလေးကို နို့တိုက်ချင်နေကြတာလဲ။ စောနလေးတင် ကလေးအမေ ဘေဘီဆွေဆွေ့ (သားငယ်လက်ပတ်မှ နံမည်လေး) ကို လာပြီးသူကိုယ်တိုင် တိုက်သွားပြီးပြီလေ။ ) (ဗျာ..သားအမေလာတယ် ဟုတ်လား ဆရာမ။ ဘယ်လိုပုံစံလဲ) (အော် ... အသားဖြူဖြူ ဆံပင်ရှည်ရှည်နဲ့ရယ် အရပ်လည်း မြင့်တယ်လေ။ ရှင်ကလည်း ဘာဖြစ်နေတာလဲ) ပြောပြီး ကလေးကို သွားကြည့်ကြတယ်တဲ့။ သားငယ်က အသက်မရှိတော့ဘူးတဲ့။ ဆွေ နားလည်လိုက်တာ တစ်ခုပါပဲ။ အိပ်မက်တွေနဲ့ ညက မြင်လိုက်တဲ့ အမျိုးသမီး၊ နောက် မိုးကြီး လေကြီး ကျတာ ကို ကြားဖူးတာတွေနဲ့ ဆက်စပ်လိုက်မိရင် သားကို သူ့ဘ၀ဟောင်းက အမေက ညကတိုင် လာခေါ်သွားတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ ဆွေတို့လင်မယားလည်း ဖြေမဆည်နိုင်ပေမယ့် လုပ်စရာရှိတာကို ထုံးတမ်းစဉ်လာအတိုင်း သားငယ်နောက်ဆုံးခရီးကို အကောင်းဆုံး ပို့ဆောင်ခဲ့ပါတယ်။ လူ့ပြည်ကို ရက်သတ္တပတ်ပဲ လာခွင့်ရခဲ့တဲ့ သားငယ်သံတိုင်လေးကို အောက်မေ့မိတိုင်း သူ့မိခင်ဖြစ်သူကို ပထမ ဆွေ တော်တော် စိတ်နာခဲ့မိဖူးပါတယ်။ ဒီလောက်ဒုက္ခ တွေ ခံပြီး မွေးခဲ့ပြီးမှ သားငယ်ကို ဆွေ တကယ် ပိုင်ဆိုင်ချင်တာပါပဲလေ။ ဒါပေမယ့် အချိန်တန်တော့လည်း မိခင်ချင်း ကိုယ်ချင်းစာနာမိတော့လည်း ဆွေ နားလည်မိပါတယ်။သားငယ်သံတိုင်လေးကို သတိရအောက်မေ့မိတိုင်း သူတို့သားအမိကို ဆွေ မေတ္တာပို့သမိပါတယ်။ တစ်ယောက်တည်းသော သားကြီးအတွက် ခုဆို ဆွေတို့မှာလည်း သမီးငယ်လေး ရှိနေပြီလေ။ ရရှိခဲ့တဲ့ လူ့ဘ၀ ခဏတာဆိုပေမယ့် ဆွေတို့ အကောင်းဆုံးတွေနဲ့ပဲ ရှင်သန်ချင်တာပဲမလား။ ကြုံလာတဲ့ ဘ၀တိုခရီးမှာ သားရယ် မယားရယ် လောကကြီးအလယ် ဆိုပြီး ဆွေတို့တွေ ဆက်လက် ချီတက်ကြရဦးမှာပဲလေ။ ဒီလိုသံယောဇဉ်တွေကို ပူလှချည်ရဲ့ဆိုပြီးလည်း ဆွေ လွှတ်ချမပစ်ရက်နိုင်သေးပါ။ တရားအားထုတ်ဖို့ အချိန်ရောက်နေပေမယ့် သားကြီး နဲ့ သမီးငယ်တို့ ကျောင်းဆင်းအပြန် စားနိုင်အောင် သူတို့အကြိုက် ပုစွန်ထုတ်ဟင်း နဲ့ ကင်းပွန်းရွက်ချဉ်ဟင်းချက်ပြီး ၀ရန်တာက မျှော်မိနေပါတော့တယ်။ အော် လောကကြီးအလယ် အလည်ရောက်လာသူတွေ ဆိုပေမယ့်လည်း....။ ။
ချစ်တဲ့
ရနံ့ချို
No comments:
Post a Comment