"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Friday, June 3, 2011

မေတ္တာစေကျွန်

အညာနွေနေ့ခင်း လမ်းမကြီးအလယ် လေရူးနဲ့အတူ ကိုယ်တစ်ယောက်တည်း ရှိနေသလိုပဲ လောကကြီးက ခြောက်ကပ်နေတယ် ခင်..။ လမ်းပေါ်မှာ သူတို့ကိုသူတို့ လူကောင်းလို့ သတ်မှတ်ထားတဲ့သူတွေကတော့ ကိုယ့်ကိုများ မေးငေါ့ လှောင်ပြောင်ရင်း ကြည့်နေပြီထင်ပါရဲ့ကွယ်..။ အင်းလေ..တကယ်ဆိုတော့ ကိုယ်ကလည်း သူတို့ထင်ချင်စရာ ဖြစ်နေတာပဲလေ..။မျှော်လင့်ချက်တွေမဲ့နေတဲ့ ကိုယ့်ဘ၀ကလည်း သေနေတာပဲမလား။ ရင်ပူတယ် ခင်..။

လမ်းဘေး အအေးဆိုင်တစ်ခုထဲက ထွက်လာတဲ့ ကလောင် ကလင်ဆိုတဲ့ အသံကြောင့် ကိုယ်နည်းနည်းတော့လက်ရှိလောကထဲ ပြန်ရောက်လာပြန်တယ်။ ကြံရည်ဆို ရေခဲနည်းနည်းနဲ့ သံပုရာရည် ချဉ်ချဉ်လေးသောက်တတ်တဲ့ ခင့်ကို သတိရလို့ အအေးဆိုင်ရှိရာ ကိုယ်လှမ်းမိတယ်..။ သူတို့က ကိုယ့်ကို ရွံသလို ကြည့်ကြတယ် ခင်။ တကယ်ဆို ကိုယ် မရူးဘူးဆိုတာ။ ခင် ကရော ကိုယ့်ကို မြင်ရင် အဲ့သလိုပဲ ဆက်ဆံမှာပဲလား။ အတွေးနဲ့တင် ဆံပင်ကို တစ်ချက်သပ်တင်မိတယ် ။ ယုံပါ ခင်.. ခင့်အကြိုက် ကိုယ် တကယ်ပြင်ဆင်ခဲ့ဖူးတယ် ဆိုတာ ခင် အသိသားပဲလေ။ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ဟောဒီ သစ်ရွက်ခြောက်တွေကို ကိုယ်က နင်းပစ်ရမှာ သိပ်ကို အားနာတယ်။ အားမတန် မာန်လျော့ပြီး မြေပေါ်မှာ ကြွေလွင့်ရတဲ့ သူတို့ဘ၀ ကိုယ် သိပ်သနားတာပဲ။ အပင်အောက်ကနေ သူတို့ မော့်ကြည့်လိုက်ရင် ရွက်လက်သစ်တွေနဲ့ တည်မြဲကျန်ခဲ့တဲ့ အရင်းနီးဆုံး သစ်ပင်ကြီးကို သူတို့ ဘယ်လောက်တောင် လွမ်းဆွတ်နေမလဲ။ ခင်တွေးကြည့်မိလားဟင်။ ကိုယ် က အားနာတတ်တာပါ ခင်ရယ်။
ကုက္ကိုလ်ပင်တွေတန်းစီနေတဲ့ ဒီအပင်တန်းအောက် ရောက်ပြန်တယ်..။ ကလေးတွေ အတန်းကျောင်းဆင်းတော့မယ် ခင်။ နေ့စဉ် ကိုယ်မြင်နေကျမြင်ကွင်းလေးပေါ့။ သိပ်မြတ်နိုးလွန်းလို့ ဒီလိုပဲ နေ့စဉ် ကျောင်းဆင်းပြန်လာတဲ့ ကျောင်းဝတ်စုံကိုယ်စီနဲ့ ကလေးတွေကို ကိုယ် လာငေးမြဲ။ သိပ်မြတ်နိုးတယ် ခင်နဲ့တော့ ထပ်တူကျချင်မှ ကျလိမ့်မယ်။ မာနနဲ့တင်းတင်းစေ့တတ်တဲ့ ခင့်နှုတ်ခမ်းတစ်စုံကို မြင်ယောင်မိတော့ တပ်မက်စိတ်နဲ့မဟုတ်တာ ဘာသာသိပေမယ့် ကိုယ် အာခေါင်တွေခြောက်လာပါတယ် ခင်..။ ခင်နဲ့ ပတ်သတ်သမျှ အရာတိုင်းက နွေးထွေးစွာ အသက်ဝင်ဆဲ။ ကိုယ်ဝင်သက် ထွက်သက်နဲ့အတူ ရှင်သန်နေဆဲပဲ။ သစ်ရွက်ကြွေတွေလိုပဲ ကိုယ်ကလည်း ခင့်အနားကနေ ဒီလိုပဲ မြေပေါ်မှာ သက်စင်း ခင့်ခြေတော်ရင်းမှာ ၀မ်းနည်းအားငယ်နေမယ်ဆိုတာ ခင်က သတိတောင် မရတာလားကွယ်..။ တခါတလေ တွေးမိတယ်။ ခင့်အတွေးထဲ ဟောဒီလူဆိုတာ မရှိတော့သလို ၊ ဒီလောကကြီးထဲကနေ အားထုတ်စရာမလိုဘဲ အလိုလို ကြွေလွင့်နိုင်ချင်မိတယ်.။ မြတ်နိုးခြင်းက ထုထည်ကြီးမိတော့လည်း သံယောဇဉ်က ထုနဲ့ထည်နဲ့ပဲ ကြွင်းကျန်ခဲ့တယ် ခင်..။ ခင်ကရော...။

အမြင်တွေတောင် ၀ါးကုန်တယ်ခင်..။ ဒီနွေ သိပ်ကို ပူတာပဲ။
ဟိုးလမ်းသွယ်ထဲကနေ နွားတစ်အုပ်ဆင်းလာပြီ။ ကိုယ်ကတော့ လုပ်နေကျပဲမို့ ကုက္ကိုလ်သီးတွေကို စုပေးထားမိတယ်။ သူတို့ဘာသာ ရှာစားနိုင်ပေမယ့် မအားထုတ်စရာမလိုဘဲ အလိုလိုအဆင်ပြေစေချင်မိတာ ....။ ခင်ကတော့ ကိုယ့်အားကို ကိုးရမှ ကျေနပ်တတ်သူ။ ခင့်အတွက် မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ဖြည့်စွှမ်းခဲ့မိဖူးပါတယ်။ ရလာဒ်က ခင့်ငြူစူမျက်စောင်းပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်ရင်ခုန်သားပဲ ခင်ရယ်။

ခင်..ဒီည လ, က မသာဘူးကွယ်။ ဒါပေမယ့် ညလေညင်းနဲ့ ပုရစ်အော်သံတွေကြားတော့လည်း ရင်မှာလွမ်းဆွတ်ပေမယ့် နည်းနည်းတော့ ဘ၀င်မှာ အေးစေသားပဲ။ အိမ်ရှေ့က စကားပင်တန်းလေးတောင် ညနဲ့အတူ မွှေးနေတာပဲ။ ခင်နဲ့စိတ်ကူးခဲ့ဖူးတဲ့ စကားပင်တန်းလေး။ စကားဖြူ၊ နီ ခင့်အကြိုက် ကိုယ်တိုင်စိုက်ခဲ့တယ်။ ကိုယ် ညတိုင်းတိုးတိုးလေး ဒီစကားတန်းလေးအောက် လမ်းလျောက်ရင်း လေချွန်မိတဲ့ တေးကတစ်ပုဒ်တည်း ခင်ရဲ့။ မေတ္တာစေကျွန် တဲ့။ ခင်နားထောင်ကြည့်နော်။
ဒီမှာ မေတ္တာစေကျွန်သီချင်းလေး။ဘ၀မှာ စိတ်ကူးနဲ့လမ်းတွေ ရှိပေမယ့် ကိုယ်တို့ အတူလျှောက်ခွင့်မှ မရှိတာပဲ။ ဒီလိုပါပဲ ခင်ရယ်။ တကယ်တော့ ကိုယ်က ခင့်အတွက် မေတ္တာစေကျွန်ပါပဲ။ ခင်.. နေပျော်ပါစေ။ သောကကင်းပါစေ။

ချစ်တဲ့
ရနံ့ချို

No comments:

Post a Comment