"အကောင်းဆုံးဖြစ်ချင်ရင် သူတစ်ပါးထက် ပိုပေးဆပ်ရမယ်၊ ပိုစွန့်လွတ်ရမယ်"

စိတ်ကူးတွေကိုပုံဖော်ရုံပါပဲ..လာလည်သူတွေကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ လူကြီးမင်းသည် ပို့စ် တစ်ခုခုကို ပြန်လည်မျှဝေလိုပါက ကျေးဇူးပြုပြီး ရေးသားသူ အမည်ကိုတော့ ထည့်သွင်း ဖော်ပြပေးစေလိုပါတယ်။ အသိအမှတ်ပြုသောအားဖြင့်ပေါ့။ ရွှင်လန်းချမ်းမြေ့ကြပါစေ..

Saturday, June 25, 2011

အလွမ်းမပြေ ကျောင်းတော်မြေအတွက် (၁)

ကျောင်းမှာ ကျွန်တော်တို့ မေဂျာက မောင်မယ်သစ်လွင်ပွဲအတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေကို သတိရတိုင်း ပြုံးမိတယ်။ ဒီလိုလေ..။ ကျွန်တော်တို့က နောက်ဆုံးနှစ် မမကြီးတွေဆိုတော့ အငယ်တန်းကလေးတွေ အတန်းကို ဆင်းပြီး တစ်ခန်းဝင် တစ်ခန်းထွက် မင်းသား မင်းသမီး ဇာတ်ရန် နဲ့ အလှဘုရင် အမတွေ အဖိုရွေးရတာတွေလည်း ရှိတယ်။ တစ်လလုံးနီးပါးပဲ ကျွန်တော်တို့ တစ်တန်းလုံး အလုပ်ရှုပ်နေကြတာ တစ်လလုံးနီးပါးပါပဲ။ ဆရာတွေလည်း မသိမသာ ရောပြီး ပျော်နေကြတာ... စာတောင် ကောင်းကောင်းမသင်နိုင်ကြတော့ဘူး။ ဆရာတစ်ယောက်က စာသင်မယ်ကြံတုန်းရှိသေး။ အငယ်တန်းက ကလေးတွေက လာလိုက်၊ တစ်ယောက်ပြီးတစ်ယောက် ခွင့်တောင်းပြီး ထွက်သွားတယ်။ အစောပိုင်းက အခန်းရှေ့မှာတင် ပြောကြဆိုကြနဲ့။ ပြီးမကြာခင် ကျောင်းကန်တင်း ဘက်ကို ရောက်သွားတာများတော့ ဆရာတွေလည်း မသိချင်ယောင်ဆောင်ပြီး အတန်းတော့ဝင်ပေးတယ်။ စာမသင်နိုင်ဘူး။ တစ်နေ့ အတန်းထဲကို ဆရာဝင်တယ်။ စာမသင်ဘဲ စာတွေနဲ့ပတ်သတ်တာတွေကို အတန်းထဲမှာ ရှိနေတဲ့ သူတွေနဲ့ ဆွေးနွေးနေတာပေါ့။ ဖြစ်ချင်တော့ အဲ့ဒီအချိန်မှာက အလယ်တန်း တစ်တန်းလုံးကို လူမရှိဘဲ လွယ်အိတ်တစ်ချို့နဲ့ စာအုပ်တွေပဲ ကျန်ခဲ့တယ်။ ဆရာက ရှေ့ဆုံးတန်းက စာအုပ်တစ်အုပ်ကို ယူပြီး လှန်ကြည့်တယ်။ ပြီး ကျွန်တော့်ကို ခေါ်ပြီး "ငါတော့ မဖတ်တတ်ဘူး။ သူဘာရေးတာလဲ နင်သိလားတဲ့" ကျွန်တော်ဖတ်ကြည့်တယ်။ သူက ခံစားချက်တွေချရေးထားတာ။ ရေးသူက အတန်းထဲမှာ တော်တော်အေးတဲ့သူ။ သူရေးထားတာက ဒီလို။ nါ့ nှစ် Lုံး tါး yှဲ့ Qွင်း ငါ့နှလုံးသားရဲ့ ကွင်းဆိုပြီး စာတွေချရေးထားတာ။ သူကစာထဲမှာ အငယ်တန်းက ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ချစ်နေတာကို ရေးထားတာ။ ကျွန်တော်လည်း မသိဘူးဘဲ ဖြေလိုက်ရတယ်။

ဒီလိုနဲ့ ကျွန်တော်တို့တွေ အဖွဲ့တွေခွဲပြီး ပြင်ဆင်လိုက်ကြရတာ။ အများကြီးပါပဲ။ ဧည့်ခံဖျော်ဖြေရေး၊ စင်မြင့်ဖျော်ဖြေရေး၊ ဇာတ်လမ်း ဇာတ်ထုပ်များအရေး၊ အကဆရာမ ငှားပြီး သင်ကြ၊ အတီးတိုက်ကြနဲ့ အကကျင့်ကြ။ ဇာတ်ခုံ ပြင်ဆင်ရေး၊ ဇာတ်ခုံဘေးမှာ မေဂျာ အထိမ်းအမှတ်ပါဝင်အောင် ပန်းချီတွေ ကိုယ်တိုင်ဆွဲကြနဲ့ အများကြီးပဲ။ အဆောင်မှာဆိုလည်း ဒါတောင် ကျွန်တော်တို့အဆောင်တစ်ခုတည်းမှာတင် မေဂျာအစုံရှိနေတော့ သီချင်းကျင့်သူ၊ အကကျင့်သူတွေနဲ့ ညတိုင်း အခန်းစေ့ လျှောက်ကြည့်ရင်း ငေးခဲ့ရ၊ ရယ်ခဲ့ရနဲ့ မမောနိုင်အောင်ပါပဲ။ မှတ်မိသေးတယ် EP မေဂျာပွဲအတွက် ပုဂံသူတစ်ယောက် ၊ ကျောက်ပန်းတောင်းသူနှစ်ယောက်နဲ့ NO အဖွဲ့ပုံ သီချင်းဆိုကျင့်တာ။ ညတိုင်း သူတို့က တကယ့်အဆိုတော်တွေအတိုင်း အကပါ ပါတယ်။ တစ်ယောက်က လက်ဖျောက်တီးတာကို မတီးတတ်လို့ အားလုံးက ၀ိုင်းအော်တာ ညတိုင်းနီးပါး။ ညတိုင်း ကျွန်တော်တို့ဘက်အခြမ်းက အကကျင့်တာ ဦးရွှေရိုးနဲ့ဒေါ်မိုး တဲ့။ ရယ်လိုက်ရတာ တစ်ဆောင်လုံးက လာကြည့်တယ်။ ညတိုင်း အားပေးတယ်။ တကယ့်တကယ် ကတော့ စင်ပေါ်မှာ ဦးရွှေရိုး ပျောက်လို့ လိုက်ရှာတဲ့ ဒေါ်မိုးမျက်နှာကြီးကို မြင်ယောင်မိတိုင်းရယ်ချင်တယ်။ မေဂျာပွဲတစ်ပွဲပြီးတိုင်း ညဆို ၁၂နီးပါး မှပြန်ရောက်ကြတယ်။ တစ်ဆောင်လုံး ကိုယ့်အခန်းကိုမပြန်နိုင်သေးဘူး။ လူစုကိုခွဲလို့မရသေးတာ ရေချိုးကန်ကြီးနားမှာ ရေဘဲတွေဖွင့်ထားပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ရင်း စကားတွေပြန်ပြောကြ၊ ရယ်ကြနဲ့ မနက်၂နာရီထိုးခါနားနီးထိ။ ဟိုဘက်အဆောင်က ရွှေဂုဏ်ဝင့် အမျိုးသားဆောင်က ဟင်နရီအံ့ကြီးက လှမ်းအော်တယ်။ " ဟိုဘက်အဆောင် နန့်ဒေ၀ီက (တကယ်က နန်းဒေ၀ီ :P) ပွဲကြိုက်ခင်မမတွေ။ လူအိပ်ချိန်ရောက်နေပြီဟေး။ တော်ကြပါတော့ ။ နင်တို့က စင်ပေါ်စင်အောက်ပြန်ပြောပြီး ညလုံးပေါက်ကကြမှာလား" ဆိုပြီးထ အော်မှ ကိုယ့်အခန်းကို အသာဝင်ကြတယ်။ ဒါတောင် တစ်ချို့က အော် ပြီး စ လိုက်ကြသေးတယ်။ လူအိပ်ချိန်မှာ ခွေးက ထ ဟောင်နေတယ်ဆိုပြီး။ အဲ့ဒါမပြီးတော့ရင် ပက္ခုက္ကူ ကိုဖေပုက ညစဉ် တရေးနိုးတိုင်း ထပြီးအော်နေကြအတိုင်း အော်တယ်။ တကယ့်မှ အကျယ်ကြီး အော်တာ သူအော်ရင် တစ်ရွာလုံးကို ကြားလောက်တယ်။ ဒီလို ( ရွှေဂုဏ်ဝင့် နဲ့ နန်းဒေ၀ီ ရွှေလမ်းငွေလမ်း ဖောက်မယ့် ဗျာ့) နောက်တစ်ခါ တစ်ရေးနိုးရင် ( ကျောက်ပန်းတောင်းနဲ့ ပက္ခုက္ကူ ရွှေလမ်းငွေလမ်း ဖောက်မယ့် ဗျာ့) ဆိုပြီး ညစဉ်ကိုအော်တာ။ အစကတော့ မသိဘူး။ ဘယ်သူအော်တယ်ဆိုတာကို သူက မနက်ကျောင်းသွားလို့ကတော့ ဟန်တစ်ခွဲသားနဲ့ နှစ်ကျပ်သားရွှေဟန်းချိန်းကြီးနဲ့ ) နောက်မှ စုံစမ်းကြည့်ရင်းသိတာ။ သူ့အဖေနဲ့ အမေနံမည်ပါသိတော့ နှစ်ခုပေါင်းခေါ်လိုက်တာ ဖေပုဆိုပြီးတော့လေ။ နန်းဒေ၀ီမှာက ကျောက်ပန်းတောင်းသူတွေချည်း နေကြတာ။ နောက်ပိုင်းမှ နယ်စုံကဖြစ်ကုန်တာ။ အစပိုင်း ကျွန်တော်တို့တက်တုန်းက အဆောင်က အသစ် ပြီးတော့ ကျောက်ပန်းတောင်းသူတွေအကုန် စုပြီး နေကြတော့ ကျောက်ပန်းတောင်းဆောင်ဆိုပြီး နံမည်ပေါက်သွားရော။ ပြောလို့ပြောတာမဟုတ်။ ကျောင်းကအဆောင်တိုင်းမှာ ကျွန်တော်တို့အဆောင်ရှေ့နောက် လမ်းကြားလေးက ဂစ်တာဝိုင်း အများဆုံးနဲ့ ညနက်ထိ တခါတလေ အာရုဏ်လင်းခါနီးထိ ၀ိုင်းရှိတုန်း။ ကြွားထာ့ :)

ကျွန်တော်တို့ mechanical က မေဂျာကြီးလည်းဖြစ်တော့ လူများတယ်။ အငယ်တန်းအကြီးတန်းပေါင်းတော့ တော်တော်ကိုကြီးသွားတာ။ ဒီလိုနဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီး စကြတာပေါ့နော်။ သူ့အပိုင်းနဲ့သူ အားလုံးက လူစေ့တာဝန်ကိုယ်စီနဲ့ရယ်။ လူများသလောက် အတော်လည်း အခက်ခဲတွေများခဲ့တယ်။ ခုတော့ ပြန်တွေးတိုင်း ပြုံးဖြစ်တယ်။ ပွဲရဲ့ထုံးစံအရ ကျွန်တော်တို့လက်မှတ်တွေ ရောင်းကြတယ်မလား။ ၀ယ်ကြတာပေါ့။ တစ်ခြားကျောင်းကသူငယ်ချင်းတွေဖိတ်ချင်သူနဲ့၊ တစ်ခြားမေဂျာက သူငယ်ချင်းကိုဖိတ်ချင်သူနဲ့ဆိုတော့ တော်တော်ကို ရောင်းအားကောင်းခဲ့တဲ့ လက်မှတ်တွေပေါ့။ ပြောရရင် ထိုင်ခုံနေရာထက် ထမင်းစားလက်မှတ်လေးတွေပေါ့။ ကျောင်းက ထမင်းစားရုံရှေ့မှာ လူတွေမျက်နှာမကောင်းကြဘူးတော့ထင်သား ။ နောက်တော့ မေဂျာဆရာတွေက ဖိုင်နယ်တန်းကလူတွေကို လိုက်စုတယ်။ အားလုံးဘာမှန်းမသိဘဲ ထမင်းစားရုံကြီးထဲကို ရောက်တော့ တံခါးကြီးကိုပိတ်ပစ်တယ်။ ပြီးတော့ ဆရာဖီးက အော်လိုက်တယ်။ ကဲ အားလုံး အသင့်ပြင် ဆိုပြီး လုပ်ပုံလုပ်နည်းပြောတယ်။ ဟားဟား ဘာလုပ်ရမှာလဲဗျာ။ ဒန်ပေါက်ထမင်းနဲ့ ထမင်းဖြူနဲ့ ရော ကြက်သားတုံးကြီးတွေကို ခွဲခြမ်းပစ်ပြီး ပွားရတာပေါ့။ဖြစ်ပုံကဒီလိုလေ။ ရုံရှေ့မှာ လက်မှတ်ကိုကြည့်ပြီး ထမင်းဘူးဝေတဲ့ အစ်ကိုကြီးတွေက အားနာတာလား။ ခင်မင်မှုနဲ့လားမသိဘူး။ လက်မှတ်တွေကို မစုတ်ပစ်ဘဲ ထမင်းဘူးနဲ့အတူပြန်ပြန်ပေးလိုက်တော့ လက်မှတ်တွေက ပွားလာတာလေ။ ဆိုတော့ ထမင်းဘူးတွေက ဝေလို့မလောက်တော့ဘူးဆိုတော့ ။ သိတဲ့အတိုင်း အားလုံးက ကိုယ့်ပွဲအတွက်သေချာပြင်ဆင်လာကြတာ။ ကျွန်တော်ဆို ရန်ကုန်သား နဲ့ မန္တလေးသူ ကဖို့အတွက် ကျစ်ဆံမြီး ဆံပင်တုကြီး တရမ်းရမ်းနဲ့ ရွှေခြေခြင်း အတုကြီး တဂွပ်ဂွပ်နဲ့ပေါ့။ ငှားထားတဲ့ အင်္ကျီ ကို ဆီမပေအောင် က သတိထားရသေးတယ်။ အားလုံးကသောက်ကနင်းနဲ့ အဆင်ပြေသွားပါတယ်။ အားလုံးကလည်း နားလည်ပေးကြတယ်။ ဒါပေမယ့် ပွဲပြီးညတိုင်းလက်ဖက်ရည်ဆိုင်ထိုင်တိုင်းတော့ ကျွန်တော်တို့မေဂျာက လူတိုင်း အလှောင်ပြောင်ခံလိုက်ရတာ တော်တော်ကြာတယ်။ စကားမပြောတတ်တဲ့ ရွာထဲက ငမော့ကတောင် လိုက်စတဲ့အထိ။ သူကကျွန်တော့်ကိုတွေ့ရင် ကျွန်တော်ကတဲ့ပုံကိုလုပ်ပြပြီးရင် ထမီကြီးမပြီး ထမင်းဘူးပွားတာကို မူဟန်ပိုပိုလေးလုပ်ပြတာ ရှက်ရှက်နဲ့ ရယ်ခဲ့ရတာတွေ လွမ်းသားပဲ။ ဒါက _ စကားချပ်။ :)

ပွဲကတော့ သူ့အစီစဉ်နဲ့သူ မြိုင်နေတာပဲ ။ ကျောင်းအုပ်ကြီးကလည်း သူ့မေဂျာတူပွဲမို့ထင်ပါရဲ့ ။ ညလုံးပေါက် အားပေးရှာတဲ့အပြင် စင်ပေါ်တက်ပြီး စံပယ်တစ်ကုံးဖြင့် သူ့ကို ပန်ပေးမယ်။ ကိုယ်ကိုယ်တိုင် ရေးလို့သီမယ် ဆိုပဲ။ ကျွန်တော်တို့မယ် ရှိသမျှပန်းကုံးအကုန် တက်ပေးကြတာ။ ကိုယ့်မျက်နှာကို မှတ်မိအောင်လည်း ဆရာကြီးရှေ့မှာ အကြာကြီး ရပ်ပြီး ပန်းကုံးကို သေချာ ကို ပြင်ဆင်ပြီး ပေးခဲ့တာ။ တော်တော်ကြာမှ ရှုပ်ရန်ကောဆိုတဲ့အကြည့်နဲ့ ကြည့်ခံရမှ ဆင်းပြေးလာသူတွေက ရှိသေး။ အစ်မကြီးတစ်ယောက်ဆို သီချင်းတက်ဆိုတာ သေချာလည်း တိုက်ထားပြီးသားကို။ စင်ပေါ်ရောက်တော့ သူကြိုက်တဲ့ သူနဲ့အတူတွဲဆိုတာ ရင်တွေခုန်ပြီး အသံတောင်မထွက်ရှာဘူး။ ကြည်နူးပြုံးကြီးနဲ့ ကြည့်ပြီးဆိုနေရှာတာ။ သီချင်းဆုံးတာတောင် သူက အတောလေးကို နှစ်ခါသတ်လိုက်တာ တီးဝိုင်းက ဖက်တီးတို့တောင် ကသောကမျောနဲ့လိုက်ရတဲ့အထိ။ တကယ် လက်ဖျားခါတယ်။ သူကတော့ ပြုံးပြုံးကြီးရယ်။ စင်ပေါ်က ဆင်းလာတော့ မျက်ရည်တွေဝဲပြီး သေပျော်ပါပြီတောင်လုပ်နေတာ။ ဆင်းသာလာတယ်။ဖိနပ်ကို စင်ရဲ့အစပ်မှာ ချွတ်ထားခဲ့တာ သတိရလို့တက်ယူတာ။ ဇာတ်စင်ကာလိုက်ကာအဖွင့် သူက ဖိနပ်ကောက်ပြီး အထ။ အားလုံးက လက်ခုတ်တွေ ၀ိုင်းတီးတာကို သူက ဘာမှမဆိုင်ဘဲ လက်တောင်ပြန်ပြလိုက်သေးတယ်။ မှတ်ကရော။ ရင်ခုန်တာ အချစ်ပဲကွယ် တဲ့။ အကျင်္ီ တစ်ထည်၊ လူနှစ်ယောက်၊ အစီအစဉ်က ရှေ့နောက်ဖျော်ဖြေရမှာကို။ မှားပြီး ကြော်ငြာလို့ အင်္ကျီ ပြန်လဲကြရင်း စိတ်တိုကြတဲ့အဖြစ်တွေ၊ အအေးပုလင်းတွေထားတဲ့အခန်းထဲကနေ တွဲကမယ့်မင်းသားကိုစောင့်ရင်း ခြင်ကိုက်ခံနေရတဲ့ မင်းသမီးအဖြစ်တွေ၊ ကိုယ့်အလှည့်ရောက်ခါနီးမှ မြို့ထဲကို ကောင်မလေး သွားခေါ်နေသူတွေကို စိတ်တိုကြတာတွေ။ အများကြီးပါပဲ။ ထမင်းရုံရှေ့မှာ အမှောင်ထဲ အကကျင့်သူတွေနဲ့။ ဇာတ်တိုက်နေသူတွေကြားထဲ မြက်တောထဲက လူကြီးလက်မောင်းလောက်ရှိတဲ့ မြွေကြီးထွက်လာလို့ အော်ကြတာ စင်ပေါ်က မော်ဒယ်ရှိုးက ဒီဂျေသံကိုတောင် ဖုံးတဲ့အထိ။ တကယ့်ကို ကမောက်ကမနဲ့ ရယ်စရာအဖြစ်တွေ။ နှစ်ပါးသွားနောက်ဆုံးကတော့ ဗွီဒီယိုမှတ်တမ်းတင်တဲ့ သူတောင်ပြန်သွားပြီ။ ဆရာမတွေလည်းမရှိတော့ဘူး။ မေဂျာထဲကလည်း ဇာတ်ကသူတွေနဲ့ မေဂျာကသူတွေပဲရှိတော့တယ်။ ဒါတောင် သူငယ်ချင်းတွေကိုပြန်လိုက်ပို့ရင်း ကိုယ့်အလှည့်ပြီးလို့ ပြန်ကုန်ကြတာကရှိသေးတယ်။ နှစ်ပါးခွင်ကလည်း ပြီးအောင်ကိုကပါတယ်။ အားလုံးပြီးတော့ မနက် ၃နာရီနီးပါးရှိနေပြီ။ ကိုယ့်အဆောင်ကို ပြန်ရောက်တော့ ထုံးစံအတိုင်း ရေချိုးကန်ရှေ့မှာ အဆောင်သူတွေ စားမြုံ့ပြန်နေကြတာ။ ကျွန်တော်တို့ မေဂျာတူသူတွေကတော့ အသာကုတ်ပြီး ကိုယ့်အခန်းကို ပြန်ကြတယ်။ မရဘူး ပြန်ထွက်ခိုင်းပြီး ဟာသတွေလုပ်တာကို ခံရတယ်။ အလှည့်ကျ မနွဲ့စတမ်းပေါ့။ ဟိုဘက်က ရွှေဂုဏ်ဝင့်မှာလည်း တဟားဟားနဲ့ ဟင်နရီအံ့၊ ဖက်တော၊ ငတူးတို့က ပြန်ဟားတာကို ခံနေကြတဲ့ ကျွန်တော့မေဂျာတူသူများ၊ နောက်တော့ ကျွန်တော်ထင်တယ် ရယ်သံတွေက တဖြည်းဖြည်းနဲ့ကို ကျယ်ကျယ်လာတယ်။ ဟုတ်ပါ့ဗျား ဘာဖြစ်ရမှာလဲ။ တခြားအဆောင်တွေမှာလည်း ဒါတွေပဲ ပြောပြောရယ်နေကြတာလေ။ သူများပွဲတွေ လှောင်ခဲ့သမျှ ကိုယ်တွေကျတော့ အီနေကြတာ။ ကျွန်တော်နဲ့ မိုးကြီး က အသာလစ်ပြီး ခွဲထွက်လာတယ်။ အခန်းကို ၀င်မယ်လုပ်တော့ အခန်းရှေ့က ဒန့်သလွန်ပင်တန်းအောက်မှာ ပက်လက်ကုလားထိုင်ခုံတွေပေါ်မှာ အိုင်တီ က ဂေါ်ဇီလာ၊ အီးပီက ပုဂံသူ၊ မြို့ပြမမတွေ ဖြစ်သော ခေါဇာခြည်နဲ့ အိမ်မြောင်။ ထင်တဲ့အတိုင်း သူတို့က ကျွန်တော့်ကို ၀ိုင်းချုပ်လိုက်ကြပြီး ဘယ်ပြေးမလဲ မိချိုသဲ လာထား။ ဆိုပြီး အသေကိုပြောကြ၊ ဖဲ့ကြနဲ့ မိုးလင်းမှ လူစုခွဲတယ်။ အဲ့ဒီနေ့မနက် က ဂြိုလ်တုက အန်တီစလောင်း မနီလာလာပို့ထားတဲ့ စမူဆာထုပ်လေးတွေက အခန်းတိုင်းရဲ့ရှေ့မှာဟန်မပြတ်ပဲ။ မနက်စာအလွတ် ဘယ်သူမှ မစားနိုင်ကြဘဲ အိပ်နေကြတာကိုး။ ညနေဘက် မှာ ရွာလယ်လမ်း ထန်းပင်ညီနောင်အောက်က မုန့်လင်မယားဆိုင်မှာ လူစုပြီး ထိုင်လိုက်ကြတာ တိုင်ပင်ထားစရာတောင်မလိုခဲ့။ တစ်ရွာလုံးက ကျောင်းသား ကျောင်းသူတွေစုနေတာ၊ မုန့်လင်မယားဆိုင်က အချဉ်တောင် ထပ်မလုပ်နိုင်တော့။ လူစုနေကြတာ။ နောက်ဆုံးပိတ်ပွဲကြီး ကျွန်တော်တို့မေဂျာကလူတွေကို ချွတ်ဖို့ စောင့်နေကြတာ။ :)) အလွမ်းမပြေ ကျောင်းတော်မြေအတွက် ဒီပို့စ်လေးကို ရေးဖြစ်တယ်။ ဘာညာ ဘာညာ မရည်ရွယ်ပါ။

ချစ်သော
ရနံ့ချို

No comments:

Post a Comment